Friday, April 3, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


ထာဝရငြိမ်းချမ်းရေးဆီသို့ အရောက်လှမ်းကြပါစို့

လူအများအတွက် ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံ၍ စွမ်းစွမ်း တမံ ကြိုးပမ်းအားထုတ်ကြသူများကို သူရဲကောင်းဟု ဆိုကြပါ သည်။ စစ်ရေး၌ဖြစ်စေ၊ နိုင်ငံရေး၌ဖြစ်စေ၊ နိုင်ငံနှင့်လူမျိုး ကြီးပွား တိုးတက်ရေးအတွက်ဖြစ်စေ၊ ကိုယ်ကျိုးစွန့်ကြိုးပမ်းအားထုတ် ကြသူများသည် သူရဲကောင်းများဟု ဆိုရမည်သာ ဖြစ်ပါသည်။ သူရဲကောင်းတို့၏ ကြိုးပမ်းအားထုတ်မှုတိုင်းသည် သမိုင်းမော်ကွန်း တွင်ကျန်ရစ်နေမည်သာ ဖြစ်ပါသည်။ ရဲဝံ့ပြောင်မြောက်စွာ လုပ်ကိုင်ဆောင်ရွက်မှုကို ပြည်သူအပေါင်းက ချီးကျူးလေးစားနေ မည်သာဖြစ်ပါသည်။
ကျွန်ုပ်တို့နိုင်ငံတွင် နှစ်ပေါင်း ၆ဝ ကြာ တိုင်းရင်းသား လက်နက်ကိုင် ပြည်တွင်းရေးပဋိပက္ခသည် ခေါင်းဆောင်အသီးသီး ၏ မဆုတ်မနစ် ကြိုးစားအားထုတ်မှုများဖြင့် ပစ်ခတ်တိုက်ခိုက်မှု တို့ရပ်စဲ ချုပ်ငြိမ်းကာ ထာဝရငြိမ်းချမ်းရေးဆီသို့ အရောက်လှမ်း နိုင်ရန် ဦးတည်ခဲ့ပြီဖြစ်ပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ကြိုးစား အားထုတ်မှုကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအား နှစ်ဖက်သဘောတူ ညှိနှိုင်းပြုစုရေး ဆွဲပြီးစီးခဲ့ပြီဖြစ်ပါသည်။ ဤသို့ ဆောင်ရွက်နိုင်ခြင်းကပင် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်ကြသူများသည် သူရဲ ကောင်းများပင် ဖြစ်ပါသည်။
ထို့ကြောင့်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြီးခဲ့ သည့်မတ်လအတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် မိမိတို့ငြိမ်းချမ်းရေး ဆောင်ရွက်သည်ဆိုသည်မှာ ပြည်သူများ၏ ငြိမ်းချမ်းလိုသည့်ဆန္ဒ ကို ကြိုးပမ်းအကောင်အထည်ဖော်နေခြင်းဖြစ်ပါကြောင်း၊ ငြိမ်းချမ်း ရေးရရန်၊ မရရန် စွမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်များသည် မိမိတို့ နှစ်ဖက်သောအဖွဲ့ အစည်းများမှ (key Player) များပင်ဖြစ်ပါ ကြောင်း၊ သို့သော် အကျိုးသက်ရောက်မှုများသည် ပြည်သူ အားလုံးကို အကျိုးသက်ရောက်စေမည်ဖြစ်ပါကြောင်း၊ လက်နက် နှင့်တိုက်ခိုက်နေရုံမျှနှင့် မပြီးဆုံးနိုင်ပါကြောင်း၊ ပြည်သူများပင် ဒုက္ခရောက်ကြရပါကြောင်း၊ ပြည်သူများသည် မိမိတို့အားလုံးနှင့် သက်ဆိုင်သည့် ညီအစ်ကိုမောင်နှမများပင်ဖြစ်ပါကြောင်း စသည် ဖြင့် ပြောကြားခဲ့ပါသည်။
မှန်ပါသည် ပြည်သူများ၏ ပြင်းပြဆန္ဒ၊ ပြည်သူများ အမှန် တကယ်လိုလားနေသော ထာဝရငြိမ်းချမ်းရေးကို အမြန်ဆုံးရယူ သွားရန် လိုအပ်နေပြီဖြစ်ပါသည်။ သဘောတူညီမှုရရှိထားပြီဖြစ် သည့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေးစာချုပ်မူကြမ်းကို လက် မှတ်ရေးထိုးအတည်ပြုနိုင်ရန်သာ ရှိတော့သည်။ ဆက်လက်၍ ဆွေးနွေးညှိနှိုင်းအဖြေရှာသော ဒီမိုကရေစီယဉ်ကျေးမှုသစ်နှင့် အညီ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပကာ ငြိမ်းချမ်းသာယာသော ပြည်ထောင်စုကြီးကို တည်ဆောက်သွားနိုင်ရန် ပြည်သူအားလုံးက မျှော်လင့်စောင့်စားနေကြပြီဖြစ်သည်။ ရွှေပြည်တော် မျှော်လေတိုင်း မဝေးစေရန်မှာမူ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ပါဝင်သူများ၊ ဆုံးဖြတ်သူများ၏ စေတနာ စေတသိက်က အဓိကဖြစ်ပါလိမ့်မည်။ မည်သို့ပင် ဆိုစေကာမူ ပြင်းပြသောဆန္ဒ၊ ထက်သန်သောဝီရိယ၊ ခိုင်မာသောသန္နိဋ္ဌာန်စိတ်နှင့် ဆင်ခြင်တုံတရားပြည့်ဝသော ပညာ (ဝီမံသ)တို့ကို အခြေခံလျက် အများအကျိုးကို ရှေးရှုကာ ငြိမ်းချမ်း ရေးသူရဲကောင်းများပီသစွာ ထာဝရငြိမ်းချမ်းရေးဆီသို့ အရောက် လှမ်းနိုင်လိမ့်မည်ဟု ယုံကြည်မိပါကြောင်း။ ။

No comments:

Post a Comment