Friday, April 3, 2015

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ဖူးမြော်ကြည်ညို ဘက်စုံဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး





 နေပြည်တော် ဧပြီ ၂

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ဧပြီ ၁ ရက် နံနက်ပိုင်းတွင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ သွားရောက်၍ စေတီ တော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ရင်ပြင်တော်ပေါ်ရှိ အလှူခံဌာနများ၊ ရွှေသင်္ကန်းအရောင်းဌာန၊ မုဆိုးတောင် စေတီ၊ စားသောက်ဆိုင်များ၊ ဈေးဆိုင်တန်းများ၊ ဘုရားဖူး ဧည့်သည် တည်းခိုဆောင်များ၊ ရေချိုးခန်းနှင့် သန့်စင်ခန်း များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဘုရားဖူးပြည်သူ များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စေတီ တော်ရင်ပြင် ဂေါပကရုံးအစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ဈေးဆိုင် ခန်းပိုင်ရှင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ ရာ ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် သာမက ကမ္ဘာတွင်ပါ သမိုင်းဝင်ထင်ရှားကျော်ကြားသော စေတီ တော်တစ်ဆူဖြစ်ကြောင်း၊ ပြည်တွင်းဘုရားဖူးများသာမက ပြည်ပဘုရားဖူးများ အများအပြားလာရောက်ဖူးမြော်လျက် ရှိကြောင်း၊ သို့ဖြစ်၍ ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် များ စိတ်ချမ်းမြေ့စွာဖြင့်ဖူးမြော်နိုင်ရေး အလေးထားစီမံ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဘုရားဖူးသံဃာတော် များ သီးသန့်တည်းခိုသီတင်းသုံးနိုင်ရန်အတွက် နေရာများ စီစဉ်ဆောင်ရွက်ပေးရန်နှင့် ဘုရားဖူးသံဃာတော်များအား အသိပေးလျှောက်ထားရန်လိုအပ်ကြောင်း၊ ဘုရားဖူး များအတွက် အခမဲ့တည်းခိုဆောင်များဖြစ်သော ဆီမီး ကိုးထောင်ဓမ္မာရုံနှင့် ပြည့်စုံဓမ္မာရုံများကို ဘုရားဖူးပြည်သူ များ စိတ်ချမ်းမြေ့စွာတည်းခိုနိုင်ရေး အသေးစိတ်ပြန်လည် ပြင်ဆင်မွမ်းမံသွားရန်လိုကြောင်း၊ ၄င်းအပြင် ဈေးဆိုင် ခန်းများ သတ်မှတ်စည်းကမ်းများနှင့်အညီ လိုက်နာရေး အခါအားလျော်စွာ ညှိနှိုင်းဆွေးနွေးသွားရန် လိုအပ် ကြောင်း၊ အဆောက်အအုံများအလိုက် မီးဘေးလုံခြုံရေး အတွက် မီးကြိုးများကို မကြာခဏစစ်ဆေးသွားရန်နှင့် မီးသတ်ဆေးဘူးများကိုလည်း လျင်လျင်မြန်မြန်အသုံးပြုတတ်အောင် လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း၊ ထို့အပြင် ဘုရားဖူးများ၏အသံကို အစဉ်တစိုက်နားထောင် ၍ ပြုပြင်သင့်သည်များကို ပေါင်းစပ်ညှိနှိုင်းပြီး အမြန်ဆုံး ပြုပြင်ဆောင်ရွက်သွားရန်နှင့် ပြည်တွင်းပြည်ပဘုရားဖူးများ စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်နိုင်ရေးအတွက် ဖွဲ့စည်း ထားသည့် လုံခြုံရေးအဖွဲ့များက အပြည့်အဝစီမံဆောင်ရွက်ပေးရန်လိုအပ်ကြောင်းဖြင့် ရှင်းလင်းမှာကြားခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment