Wednesday, April 29, 2015

ဘားအံမြို့နယ် မြိုင်ကလေးကျေးရွာအုပ်စု ဖိုးရှိုးရပ်ကွက်ရှိ သဘာဝဓာတ်ငွေ့ ထိန်း/ဖြန့်စခန်းဝင်းအတွင်း ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွား





The Mirror Daily's photo.


ဘားအံ ဧပြီ ၂၈

ကရင်ပြည်နယ် ဘားအံမြို့နယ် မြိုင်ကလေးကျေးရွာ အုပ်စု ဖိုးရှိုးရပ်ကွက်ရှိ သဘာဝဓာတ်ငွေ့ ထိန်း/ဖြန့် စခန်းဝင်းအတွင်း မော်လမြိုင်ဓာတ်ငွေ့စခန်းမှ ပေးပို့သည့် ၂ဝ လက်မအဝင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဓာတ်ငွေ့များနှင့် မီးခိုးများထွက်ရှိခဲ့သော ဖြစ်စဉ် တစ်ခု ဧပြီ ၂၇ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် ဓာတ်ငွေ့ထိန်းစခန်းဝင်းအတွင်းရှိ ၂ဝ လက်မရှိ ပိုက်လိုင်း ခြောက်ပိုင်းပြတ်ထွက်ကာ ပေ ၅ဝ ခန့်အထိ လွင့်စင်ခဲ့ပြီး ဓာတ်ငွေ့ထိန်းစခန်းဝင်းအတွင်းရှိ အဆောက်အအုံ တစ်ခု၏ နံရံကိုထိမှန်၍ နံရံပြိုကျပျက်စီးခဲ့သည်။ ပေါက်ကွဲမှု အရှိန်ကြောင့် အနီးပတ်ဝန်းကျင် ဖိုးရှိုးရပ်ကွက်ရှိ ကြည်နူး ရိပ်တည်းခိုခန်း အဆောက်အအုံများတွင်လည်း မှန်ပြတင်းပေါက်များနှင့် မျက်နှာကြက်များလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုမှ လွင့်စဉ်သွားသော ကျောက်ပြား တစ်ချပ်မှာလည်း ကိုက် ၃ဝဝ ခန့်အကွာ ဘားအံ-ရန်ကုန် အမြန်လမ်းမကြီးသို့ ရောက်ရှိသွားကာ လမ်းမ၌လည်း တစ်တောင်ခန့် ကျင်းချိုင့်အဖြစ် ထိမှန်ပျက်စီးသွားကာ ဖိုးရှိုးရပ်ကွက်ရှိ ဓာတ်တိုင်အမှတ်(၂၆၆)ကို ဆက်လက် ထိမှန်ခဲ့ပြီး ဓာတ်တိုင်အနီးရှိ ဖုန်းကေဘယ်လိုင်း မှတ်တိုင် တစ်ခုကိုလည်း ထိမှန်ပျက်စီးခဲ့ရသည်။

အခင်းဖြစ်ရာသို့ ကရင်ပြည်နယ် ခေတ္တပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦး၊ နယ်မြေခံရဲကင်းစခန်းမှူး ဒုတိယရဲအုပ်စိုးခိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဘားအံခရိုင်အုပ်ချုပ် ရေးမှူး ဦးကျော်စိုးဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်း အောင်၊ ဘားအံမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ရဲမင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တန်(၉ဝဝ)ဘိလပ်မြေစက်ရုံ မှူးနှင့် တာဝန်ရှိသူများက ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းစစ်ဆေးခဲ့ကြသည်။

ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲရခြင်းနှင့်ပတ်သက်၍ ဓာတ်ငွေ့ထိန်း/ဖြန့် စခန်းတာဝန်ခံ ဦးလှကို(စတုတ္ထ အင်ဂျင်နီယာ၊ မြိုင်ကလေးဓာတ်ငွေ့ထိန်း/စခန်း)၏ပြောပြချက်အရ ဓာတ်ငွေ့ထိန်း/ဖြန့် စခန်းမှ လက်ခံနိုင် သည့် (၄၇ဝ)PSI ရှိသည့်အနက်(၂၇ဝ)PSI ရောက်ရှိစဉ် ဓာတ်ငွေ့ပိတ်ဆို့မှုကြောင့် ပေါက်ကွဲခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်စဉ်မှာ ညနေ ၄ နာရီ မိနစ် ၄ဝ တွင် ဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီ ၁၅ မိနစ်တွင် မော်လမြိုင် ဓာတ်ငွေ့ထိန်းစခန်းမှ ပိတ်လိုက်သဖြင့် ဓာတ်ငွေ့နှင့် မီးခိုးများထွက်ရှိမှု ရပ်တန့်သွားခဲ့သည်။

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ပတ်ဝန်းကျင်ရှိ ဒေသခံ ပြည်သူများ၊ အဝေးပြေးလမ်းမရှိ ခရီးသွားယာဉ် များနှင့် ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။ ထွန်းထွန်းထွေး(ဘားအံ)

No comments:

Post a Comment