Tuesday, April 28, 2015

မြန်မာပြည်ချန်ပီယံဖြစ်ရန် ရိုးရာလက်ဝှေ့လောကသို့ တစ်ကျော့ ပြန်လည်ဝင်ရောက်လာသည့် ၀ါးရင်းတုတ်ဖိုးကေ



 

ရန်ကုန် ဧပြီ ၂၇
မြန်မာ့ရိုးရာ လက်ဝှေ့လောက တွင် လက်သီးထိုးရာ၌ ဝါရင်းတုတ် ကဲ့သို့ အားပါလှသည့် လက်ဝှေ့ လောကမှ နှစ်နှစ်ကျော် စွန့်ခွာသွား သောဖိုးကေက မြန်မာနိုင်ငံချန်ပီယံ ဖြစ်ရန် ရိုးရာလက်ဝှေ့လောကသို့ တစ်ကျော့ ပြန်လည်ဝင်ရောက်မည် ဖြစ်ကြောင်းပြောကြားသည်။
''ကျွန်တော် နှစ်နှစ်ကျော်ကြာ လက်ဝှေ့လောကကနေ စွန့်ခွာသွား တယ်ဆိုပေမယ့် လုံးဝစွန့်ခွာသွားတာ မဟုတ်ပါဘူး။ ကြိုးကြားကြိုးကြား ပွဲလေးတွေ ထိုးတာတော့ ရှိပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်လုံးဝ ဆုံးဖြတ်လိုက်ပါပြီ။ အချိန်ယူကျင့်ပြီး မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ချန်ပီယံ ဖြစ်အောင် ကြိုးစားသွားမှာပါ။ အခု T &T ရိုးရာ လက်ဝှေ့ကလပ်မှာ ကျွန်တော် ဝင်ရောက်လေ့ကျင့်တော့ မှာဖြစ်ပါတယ်။ အဲဒီမှာ နည်းပြက တော့ တစ်ချိန်က လက်ဝှေ့လောကမှာ ပညာပါပြီး ထိုးလုံးသတ်ပုတ်ကောင်း တဲ့ ကိုဝင်းထွန်း(လယ်/ဆည်)ပါ။ အခု သူ့လက်အောက်မှာ လုံးဝစိတ်ကို နှစ်မြှုပ်ပြီး လေ့ကျင့်မှုတွေ စတင် လုပ်တော့မယ်။ ကျွန်တော့်ကို အခုလို ဒီရိုးရာလက်ဝှေ့လောကကို ပြန်လည် ဆွဲခေါ်တဲ့ T &T ရိုးရာလက်ဝှေ့ ကလပ်ပိုင်ရှင် ကိုစိုးသန်းဝင်းကိုလည်း ကျေးဇူးတင်ပါတယ်''ဟု ယနေ့ပြုလုပ် သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာရိုးရာ လက်ဝှေ့လောက တွင် တစ်ချိန်က ဝါးရင်းတုတ် ဖိုးကေဟု နာမည်ကြီးခဲ့သည့် မန္တလေးသား ဖိုးကေသည် ၂ဝဝ၇ ခုနှစ်က ရိုးရာ လက်ဝှေ့လောကသို့ စတင်ဝင်ရောက် ခဲ့ပြီး ပြည်တွင်း၊ ပြည်ပ ပွဲစဉ်ပေါင်း ၁ဝဝ နီးပါးထိုးသတ်ခဲ့သည်။ နိုင်ပွဲ ၇ဝ ကျော်၊ သရေနှင့် ရှုံးပွဲ ၂ဝ ကျော် တို့ ရှိခဲ့သည်။ ယခုဆိုလျှင် ဖိုးကေ သည် အသက် ၂၄ နှစ်ရှိပြီဖြစ်ပြီး ကီလိုဝိတ်တန်းတွင် ၇၉ ကီလိုထိ ရှိနေပြီဖြစ်သည်။ လက်ဝှေ့လောကမှ ၂ဝ၁၃ နှစ် အစောပိုင်းကာလက အနားယူသွားခဲ့ပြီး မော်ဒယ်သရုပ် ဆောင်လိုင်း ဘက်ကိုပင် ဝင်ရောက် လုပ်ကိုင်ဖြစ်ခဲ့သည်။ ယခုအခါ မြန်မ နိုင်ငံရိုးရာ လက်ဝှေ့ချန်ပီယံဖြစ်ချင် သော စိတ်ဆန္ဒက ပြင်းပြလျက်ရှိနေ သည်ဟု ဆိုသည်။
'' သူ့ကို ကျွန်တော်ခေါ်ဖြစ်ခဲ့တဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာ့ ရိုးရာလက်ဝှေ့လောကမှာ လူငယ် တန်းလက်ဝှေ့သမားတွေက မရှိ သလောက်ဖြစ်နေပြီ။ ပြောရရင် လူငယ်တန်းလက်ဝှေ့သမားတွေ မျိုး ဆက်ပြတ်နေတယ်။ သူကတစ်ချိန်က လည်း နာမည်ရခဲ့သလို ခုလည်းသူက ပြန်လေ့ကျင့်လိုက်ရင် ရနိုင်သေးတာမို့ ပြန်လည်ခေါ်ယူပြီး ကျွန်တော့် ကလပ်မှာ မွေးမြူခဲ့တာပါ။ သူ့ဆီက ကျွန်တော်ဘာမှ မျှော်လင့်ထားတာ မရှိ ပါဘူး။ လေ့ကျင့်ကုန်ကျစရိတ်တွေ အားလုံး ကျွန်တော့်ကလပ်ကပဲအကုန် ကျခံမှာဖြစ်ပါတယ်။ ခုလာမယ့် ဇူလိုင်လထဲမှာတော့ စပြီး ပထမဦးဆုံး ပွဲအနေနဲ့ တည်ပေးဖို့ရှိပါတယ်။ ပြည်တွင်းကသူနဲ့ ဝိတ်တန်းတူတဲ့သူ တစ်ဦးဦးပေါ့။ သူ့ရဲ့ စိတ်ရင်းခံတိုင်း ကြိုးစားရင် သူမျှော်မှန်းထား တဲ့ ချန်ပီယံဖြစ်လာနိုင်ပါတယ်'' ဟု ဝါးရင်းတုတ် ဖိုးကေအား ကလပ် သို့ ခေါ်ယူလေ့ကျင့်မွေးမြူပေးမည့် T &T ကလပ်ပိုင်ရှင် ကိုစိုးသန်းဝင်း က ပြောကြားသည်။
မြန်မာ့ရိုးရာလက်ဝှေ့ T &T ကလပ်ကို ၂ဝဝ၈ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး ယခုအခါ လူသစ် တန်း၊ လူငယ်တန်းနှင့် လူလတ်တန်း စသည့် လက်ဝှေ့သမားများကို မွေးမြူ လျက်ရှိသည်။
သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment