Wednesday, April 29, 2015

အနည်းဆုံး အခကြေးငွေ



မြန်မာ့အလင်း အယ်ဒီတာ့အာဘော်
 
မြန်မာနိုင်ငံတွင် တံခါးဖွင့် စီးပွားရေးပြန်လည်ကျင့်သုံးလာ မှုနှင့်အတူ ပြည်တွင်း ပြည်ပ စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေး လုပ်ငန်းများ တိုးတက်များပြားလာသည့်အလျောက်အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးကိစ္စသည်လည်း ထိပ်တန်းအရေး ကြီးသော ကိစ္စတစ်ရပ်ဖြစ်လာပါသည်။ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးသည် လတ်တလောအခြေအနေတွင် စိန်ခေါ်မှုများ ရှိလင့်ကစား စီးပွားရေးလုပ်ငန်းများ တည်ငြိမ်စွာ ဖွံ့ဖြိုးရေးနှင့် မြန်မာလုပ်သားများ ဈေးကွက်ကောင်းရရှိရေးအတွက် များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။

 မြန်မာနိုင်ငံတွင်  ပြည်တွင်းစီးပွားရေး လုပ်ငန်းများသာမက ပြည်ပစီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင် လာပြီဖြစ်ရာ နောင်တွင် စီးပွားရေးလုပ်ငန်းများ ပိုမိုများပြား လာမည်ဖြစ်ပါသည်။ ထိုအချိန်တွင် မြန်မာအလုပ်သမားများ ထိုက်သင့်သောလုပ်ခလစာများရရှိရေးသည် အရေးကြီးပါသည်။ မြန်မာနိုင်ငံတွင် သီလဝါအထူးစီးပွားရေးဇုန်ကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်းများ  များစွာပေါ်ပေါက် လာမည်ဖြစ်သော်လည်း  ထိုက်တန်သော လုပ်ခလစာမဖြစ်လျှင် အခြေခံ လူတန်းစားများ လူမှုဘဝမြှင့်တင်ရေးအတွက် အဟန့်အတားတစ်ရပ်ဖြစ်လာနိုင် ပါသည်။  အခြေခံလူတန်းစားများဘဝ တိုးတက်လာမှ နိုင်ငံတိုး တက်မည်ဖြစ်ပါသည်။
သို့ရာတွင်  အခြားတစ်ဖက်တွင်လည်း စီးပွားရေးလုပ်ငန်း ရှင်များ၊ ကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့်   မပေးနိုင်သော အခကြေးငွေကိုပေးရမည်ဆိုပါက စီးပွားရေးလုပ်ငန်းများ လျင်မြန် စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားဖြစ်လာနိုင်ပါ သည်။ အလုပ်သမားများဘက်မှ ရသင့်ရထိုက်သော အခကြေးငွေ ဖြစ်ရမည်ဖြစ်သကဲ့သို့ လုပ်ငန်းရှင်များဘက်မှလည်း ပေးနိုင် သည့်အခကြေးငွေဖြစ်ရပါမည်။ သို့မှသာ နှစ်ဦးနှစ်ဖက်အဆင်  ပြေပြီး လုပ်ငန်းများတိုးတက်မည်ဖြစ်ပါသည်။

 အနည်းဆုံး အခကြေးငွေသည် မြို့ရွာဒေသတစ်ခုချင်းစီအရသော်လည်းကောင်း၊ လုပ်ငန်းအမျိုးအစားအရသော်လည်း ကောင်း ကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ မြို့ပြများ၏  လူနေမှုအနည်း ဆုံးအခကြေးငွေသည် ကျေးလက်တောရွာများရှိ အနည်းဆုံး အခကြေးငွေနှုန်းထားနှင့်မတူညီနိုင်ပါ။ အကြောင်း သည်ကား မြို့ပြများ၏ လူနေမှုအသုံးစရိတ်သည် ပိုမိုများပြားနေ ခြင်းကြောင့် ဖြစ်ပါသည်။ ထို့အတူကာယအားကို  စိုက်ထုတ်လျက် ပင်ပန်းကြီးစွာ လုပ်ကိုင်ရသောအလုပ်နှင့် သက်သောင့် သက်သာ လုပ်ကိုင်ရသောအလုပ်တို့၏ အနည်းဆုံးအခကြေးငွေသည်လည်း ကွဲပြားခြားနားမှုများ ရှိနိုင်ပါသည်။

အနည်းဆုံးအခကြေးငွေသည် လူတစ်ဦး၏ တစ်နေ့တာ ကုန်ကျစရိတ်များကို ထည့်သွင်းစဉ်းစားရပါမည်။ နေထိုင်စရိတ်၊ စားစရိတ်နှင့် ကျန်းမာရေးကုန်ကျစရိတ်များ ရှိပါသည်။ အလုပ် သမားတစ်ဦးသည် လက်ရှိနေထိုင်စားဖြစ်ရုံမက ပိုမိုကောင်းမွန် သော  အနာဂတ်ကိုမျှော်မှန်းနိုင်သည့် အခကြေးငွေများ ရရှိလာ နိုင်ရမည်ဖြစ်ပါသည်။ အလုပ်သမားအများစုတွင် မိသားစုများ ရှိနေကြပါသည်။
 သို့ပါ၍ လုပ်ငန်းရှင်များကိုလည်းမထိခိုက်၊ အလုပ်သမား များလည်း ရသင့်ရထိုက်သော အခကြေးငွေများရရှိမည်ဆိုပါက နှစ်ဦးနှစ်ဖက်အဆင်ပြေပြီး နိုင်ငံအတွင်း အလုပ်ရှင်၊ အလုပ် သမားပဋိပက္ခများ လျော့နည်းသွားကာ စီးပွားရေးလုပ်ငန်းများ တည်ငြိမ်စွာဖွံ့ဖြိုးလာမည်ဖြစ်ပါကြောင်း။   ။

No comments:

Post a Comment