Wednesday, April 1, 2015

မင်းဘူး-အမ်းလမ်းပေါ်မှ ပဒါန်းတံတားသစ် စတင်အသုံးပြုနိုင်



ငဖဲ မတ် ၃၁

ရခိုင်ပြည်နယ်၏ ကုန်သွယ်ရေး ကဏ္ဍတိုးတက်ရေးအတွက် အရေးပါ မည့်တံတားတစ်ခုဖြစ်သည့် မင်းဘူး-အမ်းကားလမ်း မိုင်တိုင်အမှတ် (၂/၃၂) ရှိ ပဒါန်းတံတားတည် ဆောက်မှုများ ပြီးစီးပြီဖြစ်ရာ မတ် ၃၁ ရက်က စတင်ဖြတ်သန်းအသုံးပြု ခွင့်ပြုခဲ့ကြောင်း သိရသည်။
 
ပဒါန်းတံတားသည် ယခင်က ၁၃ တန်သာ ဖြတ်သန်းခွင့်ပြုသည့် ဘေလီသံပေါင် ပျဉ်ခင်းတံတားဖြစ် သည်။ ထိုတံတားကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံ ငွေကျပ်သန်း ၁၃ဝ ဖြင့် ယာဉ်တစ်စီး ချင်း ခွင့်ပြုတန် ၆ဝ အထိ ခံနိုင်သည့် ဘိုးပိုင်သံကူကွန်ကရစ်တံတားအဖြစ် တံတားအရှည် ပေ ၈ဝ၊ အကျယ် ၃ဝ ပေအထိ အဆင့်မြှင့်တင် တည် ဆောက်ခဲ့ခြင်းဖြစ်သည်။

မင်းဘူး-အမ်းလမ်းပေါ်မှ အဆိုပါ တံတားသည် မကွေးတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်ဆက်သွယ်သည့် အဓိကလမ်း၊ တံတားဖြစ်သည့်အပြင် ငဖဲမြို့နယ် ပဒါန်းကျေးရွာအနီးတွင် တည်ရှိပြီး ပဒါန်းကျေးရွာနှင့် အနီး ဝန်းကျင် ကျေးရွာများမှ ပြည်သူများ အနေဖြင့်လည်း ယင်းတံတားကို အမှီပြု၍ လူမှုရေး၊ စီးပွားရေး၊ ကျန်း မာရေးနှင့် ကုန်စည်စီးဆင်းမှုကဏ္ဍများတွင် ပိုမိုအဆင်ပြေလာတော့မည် ဖြစ်ကြောင်း သိရသည်။ နယ်စပ် ဒေသအပါအဝင် ကျေးလက်ဒေသ နှင့် မြို့ပြနေပြည်သူများ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လမ်း၊ တံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို နိုင်ငံတော်က ငွေ စာရင်းခေါင်းစဉ်အလိုက် နှစ်စဉ်ရန်ပုံ ငွေများ ခွဲဝေချထားဆောင်ရွက်ပေးလျက်ရှိသည်။ သန်းနိုင်ဦး(ငဖဲ)

No comments:

Post a Comment