Wednesday, April 1, 2015

မကွေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ နွေရာသီစာတတ်မြောက်ရေး လုပ်အားပေးမည်



မကွေး မတ် ၃၁

နွေရာသီကျောင်းပိတ်ရက်အတွင်း မကွေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ ၁ဝဝ က မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာ ၄၇ ရွာမှ စာမတတ်သူပြည်သူများအတွက် စာတတ်မြောက်ရေး လုပ်အားပေး သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မကွေးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာအေးကျော်က အောင်လံမြို့နယ် တွင်ရှိသော စာမတတ်သူများ စာတတ်မြောက်စေရေးအတွက် မကွေး တက္ကသိုလ်မှ ကြီးကြပ်သူဆရာ၊ ဆရာမများလိုက်ပါလျက် ကျောင်းသား ကျောင်း သူများက သွားရောက်သင်ကြားပေးကြမည်ဖြစ်ကြောင်း၊ မကွေးတက္ကသိုလ် အနေဖြင့် နိုင်ငံတကာစာတတ်မြောက်ရေး (အသုံးလုံး)လုပ်ငန်းများကို ၂ဝ၁၃ ခုနှစ်မှစတင်၍ ပထမဆုံးအကြိမ်အဖြစ် ငဖဲမြို့နယ်တွင် ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် နတ်မောက်မြို့နယ်နှင့် မင်းဘူးမြို့နယ်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ်တွင် အောင်လံမြို့နယ်သို့ သွားရောက်ခြင်းဖြစ်ကြောင်း၊ ကြီးကြပ်သူ ဆရာ၊ ဆရာမ ၁၁ ဦးနှင့် လုပ်အားပေးကျောင်းသား ၂၇ ဦး၊ ကျောင်းသူ ၈၃ ဦး စုစုပေါင်းကျောင်းသားကျောင်းသူ ၁၁ဝ ပါဝင်မည်ဖြစ်ကြောင်း၊ အောင်လံ မြို့နယ်အတွင်းရှိ ကျေးရွာ၄၇ ရွာမှ စာသင်သား ၁၂၆၂ ဦးအား စာသင်ဝိုင်း ၁၁ဝ ဝိုင်းဖြင့် ၄၅ ရက်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်း မကွေးတက္ကသိုလ် ဘက်စုံခန်းမ၌ မတ် ၃ဝ ရက်က ကျင်းပခဲ့သည့် မကွေးတိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် ကျောင်းသား ကျောင်းသူများတွေ့ဆုံပွဲ၌ ပြောကြားသည်။

လုပ်အားပေးကျောင်းသားကျောင်းသူများအနေဖြင့် မိမိကိုယ်ကို မြင့်မြတ် သည့်ဆရာဘဝကိုခံယူပြီး ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ သင်ကြားပို့ချပေးပြီး နိုင်ငံ ဂုဏ်ကိုဆောင်နိုင်သောပုဂ္ဂိုလ်များဖြစ်အောင် ကြိုးစားကြရန်လည်း ပါမောက္ခ ချုပ်က မှာကြားသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေက ကျောင်း သား ကျောင်းသူများအား သြဝါဒစကား ပြောကြားပြီး လုပ်အားပေးသွားမည့် ကျောင်းသား ကျောင်းသူများအား နွေရာသီစာတတ်မြောက်ရေး အထိမ်း အမှတ်လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။
တွေ့ဆုံပွဲသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသ ကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပါမောက္ခ (ဌာနမှူး)များ၊ အရာထမ်း၊ အမှုထမ်းများ၊ ဆရာ ဆရာမများ၊ လုပ်အားပေး ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ကျော်ဇေယျ

No comments:

Post a Comment