Monday, March 2, 2015

(၂၃)မိုင်ရှိ သောင်းကျန်းသူအခြေပြုတောင်ကုန်းများအား တပ်မတော်စစ်ကြောင်းများက ရှင်းလင်းသိမ်းပိုက်ပြီး လောက်ကိုင် - ကုန်းကြမ်း ဆက်သွယ်ရေးလမ်းကြောင်းဖွင့်လှစ်





 နေပြည်တော် မတ် ၁


တပ်မတော်စစ်ကြောင်းများက ယနေ့ ညနေပိုင်းတွင် (၂၃)မိုင်အနီးရှိ စစ်ဗျူဟာအရ အရေးကြီးတောင်ကုန်းများနှင့် နယ်နိမိတ်မှတ်တိုင်အမှတ်(၁၂၉)အနီးရှိ ပွိုင့်-၁၃၁၉ တောင်ကုန်းတို့အား လက်နက်ကြီးပစ်ကူများရယူ၍ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ချေမှုန်းကာ သိမ်းပိုက်ရရှိခဲ့သည်။
ကိုးကန့်သောင်းကျန်းသူများက (၂၃) မိုင်အနီးရှိ ကျောက်တောင်များတွင် အခြေပြု၍ အဆင့်ဆင့် အခိုင်အမာခံစစ်ယူထားကာ လောက်ကိုင်-ကုန်းကြမ်း ဆက်သွယ်ရေးလမ်းကြောင်းအား ဖြတ်တောက်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းမှစတင်၍ တပ်မတော်စစ်ကြောင်းများက လက်နက်ကြီးပစ်ကူများ ရယူ၍ ဟန်ချက်ညီ အဆင့်အဆင့်ခြေကုပ်ယူပြီး အရှိန်အဟုန်ပြင်းစွာဖြင့် တိုက်ခိုက်ရှင်းလင်းခဲ့သဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကာ ညနေပိုင်းတွင် သောင်းကျန်းသူ အခိုင်အမာအခြေပြု တောင်ကုန်း ခြောက်ကုန်းအား အဆင့်ဆင့် သိမ်းပိုက်နိုင်ခဲ့သည်။ တပ်မတော်စစ်ကြောင်းများက ဆုတ်ခွာသွားသော ကိုးကန့်သောင်းကျန်းသူများ နောက်သို့ လိုက်လံရှင်းလင်းလျက်ရှိပြီး ယခုအခါ တပ်မတော်စစ်ကြောင်းများအနေဖြင့် လောက်ကိုင်-ကုန်းကြမ်း ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည် ထိန်းချုပ်ဖွင့်လှစ်နိုင်ခဲ့ပြီး လုံခြုံစိတ်ချစွာဖြင့် သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။
ထို့အတူ လောက်ကိုင်အရှေ့ဘက်နယ်နိမိတ် မှတ်တိုင်အမှတ်(၁၂၉)အနီးရှိ စစ်ဗျူဟာအရ အရေးကြီး သော ပွိုင့်-၁၃၁၉ တောင်ကုန်းတွင် ပစ်ကျင်းများဖြင့် အခိုင်အမာ အခြေပြုခံစစ်ယူထားသည့် ကိုးကန့်သောင်းကျန်းသူ အင်အားစုများအား တပ်မတော် စစ်ကြောင်းများက ယနေ့ နံနက်ပိုင်းမှစတင်၍ လက်နက် ကြီးပစ်ကူများရယူကာ ဟန်ချက်ညီ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ချေမှုန်းခဲ့ရာ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
တပ်မတော်စစ်ကြောင်းများက အဆိုပါတောင်ကုန်းအား ညနေပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ပြီး သောင်းကျန်းသူများ ဆုတ်ခွာသွားရာနောက်သို့ ထက်ကြပ်လိုက်လံရှင်းလင်း လျက်ရှိသည်။ အဆိုပါတိုက်ပွဲတွင် တပ်မတော်စစ်ကြောင်း အချို့သည် ရန်သူမမျှော်လင့်သော မြင့်မားမတ်စောက်သည့် တောင်နံရံများမှ ရဲဝံ့စွန့်စားစွာ ချဉ်းကပ်တက်ရောက် တိုက်ခိုက်ခဲ့သဖြင့် သောင်းကျန်းသူများမှာ ၎င်းတို့မမျှော် လင့်သော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရပြီး ဆုတ်ခွာထွက် ပြေးသွားခဲ့ကြောင်း သိရှိရသည်။
အလားတူ ဖေဖော်ဝါရီ ၂၈ ရက်တွင်လည်း လောက်ကိုင်ဒေသတွင် တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိရာ နံနက် ၁ဝ နာရီ ခန့်တွင် သတင်းအရ နားပန်ကျေးရွာရှိ အဆောက်အအုံ တစ်လုံးအတွင်း ဝင်ရောက်ရှင်းလင်းစဉ် အမ်-၂၂ ကျည် အတောင့် ၆ဝ၊ ဘယ်ရီကပ်ဦးထုပ် နှစ်လုံး၊ ဓာတ်ပုံအယ်လ်ဘမ် တစ်ခုနှင့် မော်တော်ယာဉ် နှစ်စီးတို့အား သိမ်းဆည်းရမိခဲ့သည်။
ထို့အပြင် နံနက် ၁၁ နာရီခွဲခန့်တွင် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းစဉ် လောက်ကိုင်မြို့၏ အနောက်တောင်ဘက် တစ်ဝိုက်၌ ကိုးကန့်သောင်းကျန်းသူ အင်အားစုအချို့နှင့် တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများထံမှ အလောင်း တစ်လောင်း၊ အမ်-၂၃ စက်လတ် တစ်လက်၊ ပစ္စတို တစ်လက်၊ ပွိုင့်(၂၂) ရိုင်ဖယ် တစ်လက်၊ တိုက်မိုင်း နှစ်လုံး၊ ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ၊ ယမ်းကြိုးများ သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ကျူတိုရှန် ၌ ကိုးကန့်သောင်းကျန်းသူများ ခိုအောင်းလှုပ်ရှားလျက် ရှိကြောင်း သတင်းအရ နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် အရပ်ဝတ်ဖြင့် မသင်္ကာဖွယ်ရာ လူ လေးဦးအား ရပ်တန့် စစ်ဆေးရာ ရပ်တန့်ခြင်းမရှိဘဲ ထွက်ပြေးရန်ကြိုးစားသဖြင့် ပစ်ခတ်ရှင်းလင်းစဉ် တစ်ဦးသေဆုံးခဲ့ပြီး သုံးဦးအရှင် ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူ သုံးဦးအား စစ်ကြောမေးမြန်း ချက်အရ ယင်းပတ်ဝန်းကျင်အား ဆက်လက်ရှင်းလင်းရာ အနီးတစ်ဝိုက်ရှိ အဆောက်အအုံအတွင်းမှ လျှပ်စစ် ဒီတိုနေတာ ၁ဝဝဝ ပါ သေတ္တာ နှစ်လုံး၊ ကျည်ကာအင်္ကျီ အနက်ရောင် ရှစ်ထည်၊ ကျည်ကာပြား အနက်ရောင် အပြား ၃ဝMNDAA လက်မောင်းတံဆိပ်ပါ ယူနီဖောင်း အထည် ၅ဝ၊ MNDAA အမှတ်တံဆိပ်ပါလျှာထိုးဦးထုပ် နှစ်လုံး၊ ချပ်ဝတ်တန်ဆာနှင့် ဆက်စပ်ပစ္စည်းများ ပါဝင် သော အထုပ်ကြီး ငါးထုပ်၊ စစ်စိမ်းရောင် ကျောပိုးအိတ် အလုံး ၃ဝ ပါ နှစ်ထုပ်၊ ပြောက်ကျားအိပ်ရာလိပ်များ ပါဝင်သည့် အထုပ်ကြီး ငါးထုပ်တို့အား သိမ်းဆည်းရမိခဲ့ပြီး ယင်းပတ်ဝန်းကျင်တစ်ဝိုက် နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ည ၈ နာရီခန့်တွင် တပ်မတော်စစ်ကြောင်းများက စင်ကျိုင်းရွာတစ်ဝိုက် လှည့်ကင်းဆောင်ရွက်စဉ် မသင်္ကာဖွယ်ရာ ၁၅ ဦးခန့်အား တွေ့ရှိသဖြင့် စစ်ဆေး မေးမြန်းရာ ¤င်းတို့အတွင်းမှ လက်နက်ငယ်ကိုင်ဆောင် ထားသူ နှစ်ဦးက စတင်ပစ်ခတ်တိုက်ခိုက်လာသဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဖြစ်စဉ်နေရာအား ရှင်းလင်းရာ အလောင်း တစ်လောင်း၊ ဒဏ်ရာရရှိသူ နှစ် ဦးအပါအဝင် ၁၂ ဦးနှင့် MNDAA ဘက်တံဆိပ်ပါ ယူနီဖောင်း သုံးစုံ၊ ဘက်တံဆိပ်မပါ ယူနီဖောင်း ၁၂ စုံ၊ လျှာထိုးဦးထုပ် လေးလုံး၊ ပိကက်ဦးထုပ် တစ်လုံး၊ ကျည်ကာ ဦးထုပ် သုံးလုံး၊ အိုင်ကွန်အမျိုးအစား ဆက်သွယ်ရေး အထိုင်စက် တစ်လုံး၊ မော်တာရိုလာ အမျိုးအစား ဆက်သွယ်ရေးစက် တစ်လုံး၊ ချပ်ဝတ်တန်ဆာ တစ်စုံနှင့် ဘိန်းဖြူနှစ်ထုပ် (လေးဂရမ်)ခန့်အား သိမ်းဆည်းရမိခဲ့သည်။
အထက်ပါဖြစ်စဉ်များတွင် ကိုးကန့်သောင်းကျန်းသူ များထံမှ အလောင်း သုံးလောင်း၊ ကျည်မျိုးစုံ ၃၃၁ တောင့်၊ ရော့ကတ် ပို့ကျည် နှစ်တောင့်၊ တိုက်မိုင်း နှစ်လုံး၊ လျှပ်စစ် ဒီတိုနေတာ ၂ဝဝဝ၊ ယာဉ်နှစ်စီး၊ ဘိန်းဖြူ နှစ်ထုပ်နှင့် ယူနီဖောင်း ၆၅ စုံ အပါအဝင် စစ်ဝတ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ပြီး ၁၅ ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ တပ်မတော်မှ အရာရှိ၊ စစ်သည် လေးဦး နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ကာ စစ်သည် ခုနစ်ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:

Post a Comment