Wednesday, March 4, 2015

မြန်မာ-လာအိုနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာပူးတွဲကော်မရှင်စည်းဝေး





 နေပြည်တော် မတ် ၃


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဒေါက်တာ ထောင်လွန်းဆီဆိုလစ်တို့ ဦးဆောင်၍ (၁၁)ကြိမ်မြောက် မြန်မာ-လာအို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဂရန်းဒ်အမရဟိုတယ် တောင်ငူခန်းမ၌ ကျင်းပသည်။
နှစ်နိုင်ငံပူးတွဲကော်မရှင် အစည်းအဝေးတွင် မြန်မာ-လာအို ချစ်ကြည်ရေးတံတား စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရေးခရီး အပြန်အလှန် လည်ပတ်ခြင်းကိစ္စများ၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေးနှင့် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်ရေး၊ သတ္တုတွင်း ကိစ္စရပ်များနှင့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဝန်ကြီးအဆင့် ပူးတွဲ ကော်မရှင်အစည်းအဝေးမတိုင်မီ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစံလွင်နှင့်လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Ms. Khamphao ERNTHAVANH တို့ဦးဆောင်၍ ယမန်နေ့က နေပြည်တော်ရှိ ဂရန်းဒ်အမရဟိုတယ် တောင်ငူခန်းမ၌ကျင်းပခဲ့ရာ နှစ်နိုင်ငံသက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment