နေပြည်တော် မတ် ၃
လက်ပံတန်းမြို့ အောင်မြေဗိမာန် ဘုန်းကြီးကျောင်း၌ အခြေပြုလျက် ရှိသည့်
ပင်မသပိတ်စစ်ကြောင်းအဖွဲ့ သည် ယမန်နေ့က တောင်းဆိုချက်များ တောင်းဆိုခဲ့ပြီး
ယနေ့ နံနက် ၁ဝ နာရီခန့်တွင် အဆိုပါဘုန်းကြီးကျောင်း မှ ထွက်ခွာရာ
လုံခြုံရေးတပ်ဖွဲ့ဝင်များ က တားမြစ်ခဲ့ရသည်။
ထိုသို့ သပိတ်စစ်ကြောင်းအဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ
လုံးထွေးတားမြစ်ဆောင်ရွက်နေစဉ် သပိတ်စစ် ကြောင်းပါသူများက အတားအဆီးများ
မပြုလုပ်ဘဲ ဖယ်ရှားပေးရန်နှင့် ကြွေးကြော်သံတို့အား လက်ကိုင်စပီကာဖြင့်
အော်ဟစ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ သပိတ်စစ်ကြောင်းအဖွဲ့ မှ မောင်နန္ဒာစစ်အောင်နှင့် မောင်အောင်မှိုင်းဆန်းပါ ကျောင်းသား သုံးဦးတို့အား ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်သံဃနာယက ဆရာတော် ဦးပညာသီရိပါ သံဃာတော်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် သာသနာရေးမှူးတို့က တွေ့ဆုံ၍ လူစုခွဲရန် ဆွေးနွေးဖျောင်းဖျပြောဆို ခဲ့ကြသော်လည်း လက်မခံခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက်ပိုင်းက လက်ပံတန်း မြို့ မင်းရပ် ရပ်ကွက် တန်(၂၅ဝ)ဆန် စက်အတွင်းရှိ အဆောက်အအုံတွင် ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းကလည်း မောင်အောင်မှိုင်းဆန်းပါ ကျောင်းသား သုံးဦးအား တွေ့ဆုံဆွေးနွေးဖျောင်းဖျခဲ့သည်။
ယင်းသပိတ်စစ်ကြောင်းအဖွဲ့သည် ညနေ ၆ နာရီအထိ အောင်မြေ ဗိမာန်ဘုန်းကြီးကျောင်းအနီး ဓာတ်အားပေးစက်ရုံအနီး၌ ထိုင်သပိတ် ဆောင်ရွက်လျက်ရှိပြီး ယင်းအဖွဲ့တွင် ကျောင်းသား ၅ဝ၊ ကျောင်းသူ ၁၉ ဦး၊ အရပ်သား/အမည်ခံအဖွဲ့မှ ကျား ၂၉ ဦး၊ မ ၁၆ ဦး၊ သံဃာ ၁၂ ပါး စုစုပေါင်း ၁၂၆ ဦး ပါဝင်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment