Sunday, March 1, 2015

မြင်းခြံမြို့တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး လူထုဆန္ဒဖော်ထုတ်





မြင်းခြံ ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၈ နာရီ ၂၅ မိနစ်က မြို့ပေါ်ရပ်ကွက်မှ ပြည်သူလူထုများနှင့် ကျေးရွာအုပ်စုများမှ ပြည်သူလူထုအင်အား ၁၅ဝဝ ခန့်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးအတွက် လူထုဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူထုဆန္ဒဖော်ထုတ်မှုကို မြင်းခြံမြို့ အမှတ် (၁၇)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းရှေ့၌ စုရပ်ထားပြီး အမှတ်(၁၈) ရပ်ကွက် အားကစားကွင်းအထိ လမ်းလျှောက်၍ ဆန္ဒဖော်ထုတ်ခဲ့သည်။
ဆန္ဒဖော်ထုတ်ပွဲသို့ ပါဝင်သော သူများက ''တည်ငြိမ်အေးချမ်းရေး- ဒို့အရေး''၊ ''ဒီမိုကရေစီရှင်သန်ရေး- ဒို့အရေး''၊ ''အပစ်အခတ်ရပ်စဲရေး ပြည်သူတွေကတွန်းအားပေး''၊ ''တိုင်း ရင်းသားစည်းလုံးညီညွတ်ရေး ပိုမိုခိုင်မြဲရန် တည်ငြိမ်ဖို့လိုသည်''၊ ''အလုပ်သမားလုပ်ငန်းခွင် အေးချမ်းပျော်ရွှင်ဖို့ နိုင်ငံတည်ငြိမ်စို့''၊ ''တောင်သူလယ်သမား လုပ်ငန်းခွင် အေးချမ်းပျော်ရွှင်ဖို့ နိုင်ငံ တည်ငြိမ်စို့'' စသည်ဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်သည့် လက်ကိုင်ဆိုင်း
ဘုတ်များ၊ ပိုစတာများ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အမှတ် (၁၈)ရပ်ကွက် အားကစားကွင်းသို့ ရောက်ရှိသောအခါ ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူတစ်ဦးဖြစ်သော ဦးကျော်ဆန်းဦးက ဆန္ဒဖော်ထုတ်ရခြင်း၏ ရည်ရွယ်ချက်များ ဟောပြောခဲ့ပြီးနောက် ဆန္ဒဖော်ထုတ် လူထုမှ ကြွေးကြော်သံများ ကြွေးကြော်ခဲ့သည်။
ထို့နောက် မူလစုရပ် အမှတ် (၁၇)ရပ်ကွက် အခြေခံပညာမူလတန်း ကျောင်းရှေ့သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရပြီး ဆန္ဒဖော်ထုတ်မှုကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများထံသို့ ကြိုတင်ခွင့်ပြုချက်တောင်း ခံရယူခဲ့ကြောင်း သိရသည်။
ဇော်မင်းနိုင်(မြင်းခြံ)

No comments:

Post a Comment