Sunday, March 1, 2015

အထည်ချုပ်စက်ရုံအလုပ်သမားအများစု အေးချမ်းစွာ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နေပြီဖြစ်

'အထည်ချုပ်စက်ရုံအလုပ်သမားအများစု အေးချမ်းစွာ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နေပြီဖြစ်

အလုပ်သမား၊  အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့၏ အကြိမ်ကြိမ် ညှိနှိုင်းမှုများကြောင့် အလုပ်ရှင်နှင့် အလုပ်သမားများ အငြင်းပွားမှု ပြေလည်မှုရရှိပြီး  အေးချမ်းစွာ လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်နေ ပြီဖြစ်သော Costec, Ford Glory, Red Stone အသညန အထည်ချုပ်စက်ရုံတို့မှ  တာဝန်ရှိသူများ၊ အလုပ်သမားများနှင့် ဖျန်ဖြေရေးအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး
ရခိုင်တိုင်းရင်းသားရေးရာနှင့်
အလုပ်သမားရေးရာဝန်ကြီး 
ဦးဇော်အေးမောင်

အလုပ်သမားတွေဘက်ကိုလည်း ကိုယ်ချင်းစာပါတယ်။ နားလည်းနား လည်ပါတယ်။သူတို့ရတဲ့လခနဲ့ စားဝတ်နေရေး မပြေလည်တော့ တောင်းဆိုတာပေါ့။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ကို ဖွဲ့ပြီးတဲ့နေ့ ကစလို့ အလုပ်ရှင်တွေဘက်ကို လခတိုးပေးဖို့ တွန်းအားပေးခဲ့ပါတယ်။အလုပ်ရှင်တွေဘက်ကလည်း  လခတိုးပေးခဲ့ပါတယ်။   အချို့အလုပ်သမားတွေဆို လုပ်ငန်းခွင်ထဲပြန်ဝင်နေကြပါ ပြီ။ အလုပ်လုပ်လို့  လုပ်ငန်းလည်ပတ်မှ အလုပ်ရှင်က  လခထပ်တိုးပေးနိုင်မှာပါ။ လုပ်ငန်းတိုးတက်လာရင် လခထပ် တိုးပေးဖို့ လုပ်ငန်းရှင်တွေကို မေတ္တာရပ်ခံထားပါတယ်။ အချို့ဆန္ဒပြနေတဲ့ အလုပ်သမားတွေက လုပ်အားခ တိုးပေးထားတာ  မသိကြဘူး။ ဒီတော့ သိအောင် မက်ဆေ့ခ်ျပေးနေပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားမှာ အလုပ်သမားတွေက ကိုယ့်သွေးသားချင်းတွေပါ။ အလုပ်ရှင်က နိုင်ငံခြားသားတွေပါ။ ရပ်တည်မယ့်ရပ်တည် ကိုယ့်အလုပ် သမားတွေဘက်ကပဲ ရပ်တည်မှာပါ။ အလုပ်ရှင်တွေကိုလည်း    နေ့စဉ် ခေါ်ယူညှိနှိုင်းနေပါတယ်။ နောက်ဆုံး လစာတိုးမပေးနိုင်ရင်တောင် ဖြစ်နိုင် မယ့် နည်းလမ်းတွေကိုရှာပြီး ဆွေးနွေး ညှိနှိုင်းနေပါတယ်။    ဒီအချိန်မှာ အလုပ်သမားတွေကို  မေတ္တာရပ်ခံချင်တာက ဒီလိုဆန္ဒပြနေလို့ လခတိုးပေး ဖို့ ဖြစ်လာမှာမဟုတ်ပါဘူး၊  လုပ်ငန်း ခွင်ထဲဝင်ပြီးတော့မှ  အလုပ်လုပ်ရင်းနဲ့ပဲ ဥပဒေဘောင်အတွင်းက လခတိုးတောင်းသွားဖို့    မေတ္တာရပ်ခံလိုပါတယ်။

Costec  အထည်ချုပ်စက်ရုံမှ 
မနှင်းနှင်းအေး

အလုပ်ရှင်နဲ့ အလုပ်သမားလစာ ကိစ္စဖြစ်တာပါ။ အလုပ်ရှင်ကို အခြေခံလစာတိုးပေးဖို့   တောင်းဆိုတာပါ။ မလောက်လို့တောင်းဆိုတာပါ။ အစိုးရ နဲ့ ပြဿနာဖြစ်တာမဟုတ်ပါဘူး။ အစိုးရအဖွဲ့က ကြားဝင်ညှိနှိုင်းပေးတာပါ။  အခုဟာက ဒီလိုမဟုတ်ဘဲ အလုပ်သမားတွေက  အစိုးရကို ဆန္ဒပြသလို ဖြစ်နေတဲ့အတွက် လုပ်ငန်းခွင်ထဲ ပြန်ဝင်လာတာပါ။ အင်မတန်ဝမ်းနည်းဖို့ ကောင်းပါတယ်။ အပြင်မှာတော့  လစာအတွက် ဆန္ဒပြတဲ့အဖွဲ့တွေ  ကျန်နေခဲ့ပါတယ်။ အခု ဆန္ဒပြနေတဲ့ အလုပ်သမားတွေ အားလုံးက အစိုးရနဲ့လည်း မဖြစ်ချင်ဘူး။ သူဌေးနဲ့လည်းမဖြစ်ချင်ပါဘူး။ အားလုံးပြေပြေလည်လည်နဲ့ပဲ ပြီးသွားစေချင်တာပါ။

ကျောက်နီအထည်ချုပ်စက်ရုံမှ 
အထွေထွေမန်နေဂျာ 
ကိုကျော်လင်းအောင်

အလုပ်ရှင်ဆိုတာ တကယ်တော့ အလုပ်သမားကိုမှီရတာပါ။ စက်ရုံတစ်ရုံမှာ  စက်တွေပဲရှိပြီး  အလုပ်သမားမရှိရင် ဒီစက်ရုံလည်ပတ်လို့ မရပါဘူး။ ဟိုတုန်းကတည်းက အလုပ်သမားတွေနဲ့ မိသားစုလို အခက်အခဲရှိလည်း ပွင့်ပွင့်လင်းလင်း ပြောနေကျပါ။  ဖြေရှင်းနိုင်တာကို တတ်နိုင်သလောက် ဖြေရှင်းပေးပြီး မဖြေရှင်းနိုင်ရင်လည်း ညှိနှိုင်းဆောင် ရွက်သွားတာပါပဲ။   အခုဟာက ပြင်ပပယောဂများပြီး တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလွဲသွားတဲ့ အခါကျတော့ ကြန့်ကြာမှုတွေဖြစ်သွားတာပါ။ နောက်ပိုင်းလည်း အလုပ်ရှင်ဘက်က လုပ်ပေးနိုင်တဲ့အပိုင်းက အတိုင်းအတာအထိ လုပ်ပေးသွားမယ် ဆိုတာကို ကလေးတွေနားလည်အောင် ရှင်းပြထားပါတယ်။ 

ကလေးတွေက မရိုင်းပါဘူး။ ဒီမှာစက်ရုံတည်ကတည်းက ၁၂ နှစ် အတွင်းမှာ သူတို့နဲ့အတူ လက်တွဲ လုပ်ခဲ့တာပါ။ ကျွန်တော့်အလုပ်ရှင်ရဲ့ သဘောထားက ရေရှည်ဆက်လုပ် သွားဖို့ရှိတဲ့အတွက် ဘာမှကလေးတွေ အပေါ်မှာ အာဃာတတရားမထားပါဘူး။ အရေးယူမှုတွေလည်း  မလုပ်ပါဘူး။ နှစ်ဦးနှစ်ဖက်ယုံကြည်မှု အပြန်အလှန်တည်ဆောက်ပြီး ညှိနှိုင်းလုပ်ဆောင်သွားဖို့ရှိပါတယ်။ 

ကျောက်နီအထည်ချုပ်စက်ရုံမှ 
မစုထွေးအောင်

အကုန်လုံး လုပ်ငန်းခွင်ပြန်ဝင်နေပါပြီ။ လူကြီးတွေကလည်း အဆင်ပြေအောင်လုပ်ပေးတယ်။  ၁၇ ရက်နေ့ က အလုပ်စဆင်းပါတယ်။ အလုပ်ရှင် က ဆန္ဒပြတဲ့ရက်တွေကိုလည်း လစာ မဖြတ်ပါဘူး။  လုပ်ငန်းခွင်မှာလည်း  အဆင်ပြေပါတယ်။ လုပ်ခလစာ တိုးမြှင့်ရေးအတွက်ပဲ အေးအေးချမ်းချမ်းတောင်းဆိုခဲ့တာပါ။  တစ်နေ့ ၁ဝဝဝ တောင်းတာ  ၅ဝဝ တိုးပေးတယ်။ ရက်မှန်ကြေး ၃၅ဝဝ ကိုလည်း ၁၅ဝဝ    ထပ်တိုးပေးခဲ့ပါတယ်။ ကျေနပ်မှုရသွားကြပါပြီ။  အခုတော့အလုပ်ကို ကြိုးကြိုးစားစားလုပ်နေပါတယ်။

Ford Glory
အထည်ချုပ်စက်ရုံမှ 
အထွေထွေမန်နေဂျာ JOE LEE

အလုပ်သမား  အကုန်လုံးနဲ့တော့ ညှိနှိုင်းပြီးသွားပြီ။  သူတို့ကိုသင့်တင့် သလောက်လည်း လစာတိုးပေးတယ်။ အပြင်မှာ ကျန်နေတဲ့သူတွေအနေနဲ့ သူတို့သဘောဆန္ဒပဲ  ကျန်တော့တယ် ပေါ့နော်။ သူတို့လုပ်ငန်းခွင်ပြန်ဝင်လာ မယ်ဆိုရင်လည်း  ကျွန်တော်တို့ဘက်က ကြိုဆိုပါတယ်။  သူတို့ကို လက်ခံပါတယ်။ အလုပ်စဖွင့်နေပြီဖြစ်တဲ့အတွက်  အချိန်မရွေးဝင်လာလို့ရပါ တယ်။ Ford Glory  အထည်ချုပ် စက်ရုံရဲ့   ရည်မှန်းချက်ကတော့ အရည်အသွေး   ကောင်းကောင်းနဲ့ အရေအတွက်များများ ထုတ်နိုင်ဖို့သာ အဓိကပဲ ဖြစ်ပါတယ်။ 

ရွှေပြည်သာမြို့နယ်
ရပ်မိရပ်ဖ ဦးလှရွှေ

အလုပ်သမားတွေ လစာတိုးပေးဖို့ အလုပ်ရှင်နဲ့  အလုပ်သမားပြဿနာ ဖြစ်ပြီဆိုကတည်းက  မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ကနေ စက်ရုံတွေကို ဆင်းတယ်။ ကလေးတွေ လွတ်လွတ်လပ်လပ်  ဆန္ဒဖော်ထုတ်လို့ရတယ်။ အခွင့်အရေး   တောင်းလို့ရတယ်။ စက်ရုံထဲဝင်ပြီးတော့  အေးချမ်းစွာနဲ့ ဥပဒေနဲ့အညီ အလုပ်သမားကိုယ်စား လှယ်တွေကနေတစ်ဆင့်  တောင်းဆိုကြပါ။ လိုအပ်တာကို  ခေါ်ယူညှိနှိုင်း ပေးပါမယ်ဆိုပြီး ပြောခဲ့တယ်။ ဒီနောက်တော့ အလုပ်သမား ခေါင်းဆောင်တွေ၊  စက်ရုံတာဝန်ရှိ သူတွေနဲ့  မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ အကြိမ်ကြိမ်ညှိနှိုင်းဆောင်ရွက် ခဲ့ပါတယ်။  အလုပ်သမားတွေက အတွေ့အကြုံလည်းနုနယ်သေးတော့ စိတ်ရှည်ရှည်နဲ့ ညှိနှိုင်းလာတာ နောက်ဆုံးမှာ တချို့အတော်များများ လက်ခံပြီးလုပ်ငန်းခွင်ထဲ ပြန်ဝင်နေကြပါပြီ။    အခုလက်ရှိမှာတော့ ကျောက်နီအပါအဝင် စက်ရုံသုံးရုံ ပြန်လည်ပတ်နေပါပြီ။ 

တွေ့ဆုံမေးမြန်း-သီသီမင်း
ဓာတ်ပုံ-မင်းသစ်'

ဓာတ်ပုံ-မင်းသစ်

No comments:

Post a Comment