Sunday, March 1, 2015

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်၌ စတင်ကြားနာဆွေးနွေးဆောင်ရွက်နေပြီဖြစ်၍ သပိတ်မှောက်ဆန္ဒထုတ်ဖော်မှုများမပြုလုပ်ကြရန်


နေပြည်တော် ဖေဖော်ဝါရီ ၂၈
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေးအတွက် သပိတ်မှောက်ဆန္ဒပြတောင်းဆိုမှုများအရ ပြည်ထောင်စုအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီနှင့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) မှ ကိုယ်စားလှယ်များပါဝင်သည့် လေးပွင့်ဆိုင် ဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ကြပြီး အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ဥပဒေပြုရေးအာဏာရှိ သည့် လွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ခဲ့ကြပါသည်။
အဆိုပါ ဆုံးဖြတ်ချက်နှင့်အညီ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ တွင် ပညာရေးဝန်ကြီးဌာနမှ တင်သွင်းခဲ့ရာ အမျိုးသားလွှတ်တော်မှ ဥပဒေကြမ်းအပေါ် ကြားနာမည့်အစီအစဉ်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။
ယင်းကဲ့သို့ ဆန္ဒပြကျောင်းသားတို့၏ တောင်းဆိုချက်အရ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်နိုင်ရေးကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှတ်တော်တွင် စတင်ကြားနာဆွေးနွေးဆောင်ရွက်နေပြီဖြစ်ရာ ဆန္ဒပြ ကျောင်းသားများအနေဖြင့် ဆန္ဒထုတ်ဖော်မှုများအား ရပ်ဆိုင်းထားရန် လိုအပ်ပါသည်။ သို့သော် ဆန္ဒပြ ကျောင်းသား များသည် ထပ်မံ၍ အင်အားစုစည်းပြီး ရန်ကုန်မြို့သို့ ဦးတည်ချီတက်ဆန္ဒပြရန် စီစဉ်နေကြကြောင်း တွေ့ရှိရပါသည်။ နိုင်ငံတော်အစိုးရသည် အဖြစ်နိုင်ဆုံးလိုက်လျောခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ လွှတ်တော်တွင် တင်ပြဆွေးနွေး နေကြစဉ် ဆန္ဒပြကျောင်းသားများအနေဖြင့် ဆန္ဒပြမှုများ ရပ်ဆိုင်းထားရမည်ဖြစ်ပါသည်။
ထပ်မံပြီး ရန်ကုန်မြို့သို့ ဦးတည်ချီတက် ဆန္ဒပြမည်ဆိုပါက အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းရာမရောက်ဘဲ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ဦးတည်ရာ ရောက်စေမည်ဖြစ်ပါ သည်။ သို့ပါ၍ဆန္ဒပြမှုများ ရပ်ဆိုင်းကြပါရန်နှင့် လိုက်နာမှုမရှိဘဲ ဆက်လက် သပိတ်မှောက်လှုပ်ရှားမှုများ ပြုလုပ်လာပါက နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေး ကြေညာအပ်ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန

No comments:

Post a Comment