Tuesday, March 3, 2015

စပါးကိုအနိုင်ယူပြီး ချယ်လ်ဆီးကယ်ပီတယ်ဝမ်း ဖလားဆွတ်ခူး





ချယ်လ်ဆီးနည်းပြမော်ရင်ဟိုသည် ချယ်လ်ဆီးတစ်ကျော့ပြန် ဒုတိယ ဘောလုံးရာသီတွင် ချယ်လ်ဆီးက စပါးအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူပြီး ကယ်ပီတယ်ဝမ်းဖလားကို ဆွတ်ခူးခဲ့သည်။ ဝင်ဘာလေကွင်း၌ ကစားခဲ့သော ယင်းပွဲစဉ်တွင် ဂျွန်တယ်ရီ၏သွင်းဂိုးနှင့်စပါးကစား သမားဝေါ်ကာ၏ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ပွဲအပြီးတွင် နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူနိုင်ခဲ့သည်။ ယင်းကယ်ပီတယ်ဝမ်းဖလားသည် နည်းပြမော်ရင်ဟို၏ နည်းပြ သက်တမ်းတစ်လျှောက်တွင် ဆွတ်ခူး ခဲ့သော (၂၁)ကြိမ်မြောက် ဆုဖလား လည်းဖြစ်သည်။ မော်ရင်ဟိုက ''ကျွန်တော်ကလေးတစ်ယောက်လို ပျော်ရွှင်နေမိပါတယ်။ ဆုဖလားမရတဲ့ နှစ်ဆိုတာ ကျွန်တော့်အတွက်မရှိ သလောက်ပါပဲ။ ဒီဆုဖလားတွေက ကျွန်တော့်အတွက် ခွန်အားတွေလည်း ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
မော်ရင်ဟိုသည် ၂ဝ၁၃ ခုနှစ် ချယ်လ်ဆီးသို့ တစ်ကျော့ပြန်ခရီး မတိုင်မီက၂ဝဝ၄ ခုနှစ်မှ ၂ဝဝ၇ ခုနှစ် အထိ ပထမဦးဆုံးအနေဖြင့် ချယ်လ် ဆီးအသင်းကို ကိုယ်တွယ်ခဲ့ဖူးသည်။ ၂ဝဝ၅ ခုနှစ်တွင် ပရီမီယာလိဂ်ဖလား ဆွတ်ခူးပေးနိုင်ခဲ့သည်။
ယခုနှစ်ဘောလုံးရာသီတွင်လည်း ဒုတိယနေရာရှိ မန်စီးတီးကို ငါးမှတ် ဖြင့်ဦးဆောင်ကာ ပရီမီယာလိဂ် ဖလားရရှိရန် အခြေအနေကောင်း နေသည်။ အသင်းအတွက် အရေးပါသော အနိုင်ဂိုးကိုသွင်းယူပေးခဲ့သူ တယ်ရီကလည်း ယခုနှစ်တွင် ချယ်လ်ဆီးအနေဖြင့် ဖလားသုံးလုံးဆွတ်ခူးရန် အခြေအနေကောင်းနေပြီး ယခု ကယ်ပီတယ်ဝမ်းဖလားက ကောင်းသော အစတစ်ခုဖြစ်ခဲ့ကြောင်းလည်း ဆိုခဲ့သည်။
(မေလဲ့သင်း)

No comments:

Post a Comment