Tuesday, March 3, 2015

နယ်နိမိတ်မှတ်တိုင်အမှတ် (၁၁၈) အနီးရှိ ပွိုင့်-၁၇၈၉ တောင်ကုန်းအား တိုက်ခိုက်သိမ်းပိုက်





 နေပြည်တော် မတ် ၂

လောက်ကိုင်ဒေသလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများကို ဆောင် ရွက်လျက်ရှိရာ ယနေ့ညနေပိုင်းတွင် နယ်နိမိတ်မှတ်တိုင်အမှတ်(၁၁၈)အနီးရှိ ပွိုင့်-၁၇၈၉ တောင်ကုန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
တာရွှေထန်မှ မီတာ ၃ဝဝဝ ခန့်နှင့် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းမှ မီတာ ၆ဝဝဝ ခန့် အကွာအဝေးတွင်ရှိသော ကြွယ်ပါးရွာအနီး တောင်ကုန်းများတွင် အခြေပြု၍ အခိုင်အမာခံစစ်ယူထား သော ကိုးကန့်သောင်းကျန်းသူ အင်အားစုများအား တပ်မတော် စစ်ကြောင်းများက ယနေ့နံနက်ပိုင်းမှ စတင်၍ ခြေလျင်အကူပစ်လက်နက် ကြီးများကို ဟန်ချက်ညီ စနစ်တကျ အသုံးပြုကာ တရစပ်ထိုးစစ်ဆင် တိုက်ခိုက်ချေမှုန်းခဲ့ရာ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။
တပ်မတော်၏ ဟန်ချက်ညီသော ပြင်းထန်သည့် ထိုးစစ်အဟုန်ကြောင့် သောင်းကျန်းသူများအနေဖြင့် ကြာ ရှည်စွာ ခုခံတိုက်ခိုင်နိုင်ခြင်းမရှိဘဲ ဆုတ်ခွာလျက်ရှိရာ ကြွယ်ပါးရွာအနီးတစ်ဝိုက် တောင်ကုန်းများအား အဆင့်ဆင့်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ပြီး ညနေပိုင်းတွင် နယ်နိမိတ်မှတ်တိုင် အမှတ် (၁၁၈) နှင့် မီတာ ၁၅ဝဝ ခန့် အကွာရှိ ယင်းဒေသတစ်ဝိုက်အား စိုးမိုးထားသည့် စစ်ဗျူဟာအရ အရေးကြီးသော ပွိုင့်-၁၇၈၉ တောင်ကုန်းအား သိမ်းပိုက်ရရှိခဲ့သည်။
ကိုးကန့် သောင်းကျန်းသူများ အနေဖြင့် နယ်နိမိတ်မှတ်တိုင်အမှတ် (၁၁၈)ဘက်သို့ ဆုတ်ခွာထွက်ပြေး လျက်ရှိပြီး တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းလျက်ရှိသည်။
ယနေ့တိုက်ပွဲဖြစ်ပွားသော ပွိုင့်- ၁၇၈၉ တောင်ကုန်းတစ်ဝိုက်သည် တောတောင်ထူထပ်၍ ခံစစ်ဆင်သူ အတွက် အခြေအနေဖန်တီးနိုင်ခွင့် ရှိပြီး မြေအနေအထားအရ အရေးသာ သော်လည်း တပ်မတော်၏စနစ်တကျ စုဖွဲ့ကာ ခြေလျင်အကူလက်နက်ကြီး များဖြင့် ဟန်ချက်ညီ ထိုးစစ်ဆင်မှု ကြောင့်သာ ခက်ခဲမှုကြားမှ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်တွင် ကိုးကန့် သောင်းကျန်းသူများထံမှ အလောင်း ငါးလောင်း၊ လက်နက်ငယ်မျိုးစုံ ခုနစ်လက် သိမ်းဆည်းရရှိခဲ့ပြီး တပ်မတော်မှ စစ်သည် သုံးဦး နိုင်ငံ တော်အတွက် အသက်ပေးလှူခဲ့၍ အရာရှိ/စစ်သည် ၁၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အရာရှိ/စစ်သည်များအား ဆေးကုသမှုခံယူနိုင်ရေး တပ်မတော် ဆေးရုံများသို့ ပို့ဆောင်လျက်ရှိ ကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:

Post a Comment