Tuesday, March 3, 2015

လောက်ကိုင်ဒေသတိုက်ပွဲများတွင် နိုင်ငံတော်နှင့်တပ်မတော်အတွက် ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော တပ်မတော်သားများအား တွေ့ဆုံဂုဏ်ပြုအားပေး




 နေပြည်တော် မတ် ၂


ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် ( ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများသည် ဖေဖော်ဝါရီ ၉ ရက်မှစ၍ လောက်ကိုင် ဒေသတိုက်ပွဲများတွင် နိုင်ငံတော်နှင့် တပ်မတော်အတွက် ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ရာမှ ထိခိုက်ဒဏ်ရာရရှိခဲ့သော တပ်မတော်သားအရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကုသနေသည့် ပြင်ဦးလွင်တပ်နယ်နှင့် လားရှိုးတပ်နယ်ရှိ တပ်မတော်ဆေးရုံများသို့ ယနေ့နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတွင် သွားရောက်တွေ့ဆုံအားပေးစကားပြောကြားကာ ဂုဏ်ပြုငွေများ၊ အစားအသောက်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်( ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးထွဋ်လိုက်ပါလျက် ပြင်ဦးလွင် တပ်နယ်တပ်မတော်ဆေးရုံသို့ ရောက်ရှိ ကြပြီး လောက်ကိုင်ဒေသတိုက်ပွဲများ၌ ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် ဆေးကုသမှုခံယူနေသော အရာရှိ၊ စစ်သည်များအား တစ်ဦးချင်းလိုက်လံ တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဂုဏ်ပြုငွေများ၊ စားသောက်ဖွယ်ရာ ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် ထိခိုက်ဒဏ်ရာရရှိမှု၊ ဆေးဝါးကုသမှု နှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဆေးရုံဧည့်ခန်းတွင် ဒဏ်ရာရ အရာရှိ၊ စစ်သည်များအား စောင့်ရှောက်ကူညီအားပေးနေသည့် မိသားစုဝင်များအား တွေ့ဆုံ၍ အားပေး စကားပြောကြားခဲ့သည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်နှင့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ လိုက်ပါလျက် လားရှိုးတပ်နယ် တပ်မတော် ဆေးရုံသို့ရောက်ရှိပြီး လောက်ကိုင်ဒေသတိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာ ရရှိသူများ၊ တိုင်းစစ်ဌာနချုပ်နယ်မြေ အတွင်း အခြားတိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာရရှိသူများအား ရင်းနှီးစွာတစ်ဦးချင်းတွေ့ဆုံမေးမြန်းအားပေး စကားပြောကြားပြီး တစ်ဦးချင်း အတွက် ဂုဏ်ပြုငွေများ၊ စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ထို့နောက် လောက်ကိုင်ဒေသ တိုက်ပွဲများတွင် တိုင်းပြည်အတွက် အသက်စွန့် တာဝန်ထမ်းဆောင်ခဲ့ သည့် နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြား သွားရောက်တွေ့ဆုံ၍ အားပေးနှစ်သိမ့်စကားများ ပြောကြားပြီး ဂုဏ်ပြုထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက် ဘုန်းကြီးကျောင်းသို့ ရောက်ရှိ ခေတ္တတည်းခိုနေကြသည့် လောက်ကိုင်ဒေသ ပတ်ဝန်းကျင်မှ တိုက်ပွဲရှောင် ဒေသခံပြည်သူများအား မန်ဆူဆရာတော်နှင့်အတူ တွေ့ဆုံကာ အားပေးစကားပြောကြားပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ပေးအပ်လှူဒါန်းသည့်ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများအား ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထို့နောက် ကျောင်းဓမ္မာရုံတွင် မန်ဆူဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပုညနန္ဒအား ဖူးမြော်ကြည်ညို၍ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ကိုးကန့်သောင်းကျန်းသူအဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ လောက်ကိုင်ဒေသအား အကြမ်းဖက် သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလုပ်ဆောင် ခဲ့သော်လည်း တပ်မတော်၏ စွမ်းရည် သုံးရပ်ပြည့်စုံမှုဖြင့် တိုက်ပွဲဆင်နွှဲ တိုက်ခိုက်မှုများကြောင့် ကိုးကန့် သောင်းကျန်းသူအဖွဲ့၏ လောက်ကိုင်ဒေသ သိမ်းပိုက်ရေးရည်ရွယ်ချက် ပျက်ပြားခဲ့သည်။ လောက်ကိုင်ဒေသ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားမှု ကြောင့် တပ်မတော်သား အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်အတွက် မွန်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး အချို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယခုအခါ ထိခိုက်ဒဏ်ရာရရှိသူများအား တပ်မတော်ဆေးရုံများသို့ ရဟတ်ယာဉ်၊ မော်တော်ယာဉ်များဖြင့် အမြန်ဆုံးရောက်ရှိအောင် စီမံပို့ဆောင်ပေးနိုင်ခဲ့၍လည်း ဒဏ်ရာရလူနာများမှာ သက်သာကောင်းမွန် လျက်ရှိပြီး တပ်မတော်ဆေးရုံများက လည်း လိုအပ်သည့် ဆေးဝါးကုသမှု၊ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် တိုက်ပွဲအတွင်း မွန်မြတ်စွာ အသက်စွန့် လှူသွားသူများ၏ အရိုးအိုးများကို လည်း သက်ဆိုင်ရာ တပ်ဌာနချုပ် များသို့ သယ်ဆောင်၍ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:

Post a Comment