ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်းနှင့် နာရေးကူညီမှုအသင်းတို့တွင် တက်ကြွစွာ ဦးဆောင်ပါဝင်ပြီး အတ္တမဖက် ပရဟိတသက်သက် ဆောင်ရွက်ရသည့်ဘဝကို သူအတော် ကျေနပ်ပီတိဖြစ်နေမိ၏။
တပ်မတော်သားဘဝတွင် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ပြီး မဲသဝေါ တိုက်ပွဲတွင် ခြေထောက်နှင့် တင်ပါးဒဏ်ရာရရှိခဲ့၍ တပ်မတော်မှ အငြိမ်းစားယူခဲ့သူ။
လူမှုရေးလုပ်ငန်းများဖြစ်သည့် သွေးလှူဒါန်းခြင်း၊ သွေးလှူရှင်ရှာဖွေပေးခြင်း၊ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများတွင် ဦးဆောင်ပါဝင် ဆောင်ရွက်ခြင်းတို့ကြောင့် မြို့သူ မြို့သားများနှင့် ဆက်ဆံရေး အထူး ကောင်းမွန်ခဲ့သူ။ သူကား ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်းမှ ဒုတိယ အရာခံဗိုလ်အဆင့်ရှိသူ ဦးမိုးကျော် သန်း ဖြစ်သည်။
''သူက ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အလွန်ကြိုးစားတယ်။ မနက်ဆို အစောကြီးရောက်လာပြီး ညမိုးချုပ်မှ ပြန်လေ့ရှိတယ်။ စိတ်မဆိုးတတ်ဘူး။ အများနဲ့ ကတောက်ကဆတ် ဖြစ်ရင်တောင်မှ ခဏရှောင်ထွက်သွားပြီး စိတ်ပြေမှ ပြန်လာလေ့ရှိတယ်။
သူနဲ့ပတ်သက်ပြီး မှတ်မှတ်သားသားဖြစ်မိတာက ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလလောက်က သူနဲ့ကျွန်တော်ရုံးမှာ ညဘက်အတူတူရှိနေကြတယ်။ အခြားသူတွေက အိပ်ပျော်နေကြတယ်။ ကွမ်းလုံမှာ လက်နက်ကိုင်တွေ အသွားအလာရှိတယ်။ အဲဒီအချိန်မှာ သူပြောတဲ့ စကားတစ်ခွန်းကို ကျွန်တော်အခုထိ မမေ့ဘူး။ သူက အခုအချိန်သာ တစ်ခုခုဖြစ်မယ်ဆိုရင် ကလေးတွေ (အခြားရုံးဝန်ထမ်းတွေ)အိပ်နေတဲ့အတွက် ငါတို့ပြေးနိုင်မှာ မဟုတ်ဘူး။ သူတို့ကို ဒီအတိုင်း မထားခဲ့နိုင်ဘူးလို့ ပြောတယ်ဗျာ။ ရဲဘော်ရဲဘက်စိတ် အပြည့်ရှိတဲ့ သူ့စိတ်ကလေးကို ကျွန်တော် ခန့်မှန်းမိခဲ့တယ်''ဟု သူနှင့်အနှစ် ၂ဝ နီးပါး ရင်းနှီးခင်မင်ခဲ့သူ ကိုစိုးနိုင်မြင့်က ပြောသည်။
၁၉၇ဝ ခုနှစ် မတ် ၁၉ ရက်တွင် အဘ (ဦးအောင်ကြိုင်)၊ အမိ ဒေါ်သောင်းခင် (မူအုပ်/ငြိမ်း)တို့က မကွေးတိုင်းဒေသကြီး ရေစကြိုမြို့တွင် မွေးဖွားခဲ့ခြင်းဖြစ်သော်လည်း ပဝတ္တိအရပ် ကွမ်းလုံမြို့သို့ လသား အရွယ်ကတည်းက ရောက်ရှိခဲ့သူ။ သူရောက်ရှိချိန်တွင် တပ်မတော်သမိုင်း၌ မော်ကွန်းတင်ခဲ့ရသည့် ကွမ်းလုံရက်(၄ဝ) တိုက်ပွဲကြီးကား အရှိန်ကောင်းနေဆဲ။
ကွမ်းလုံမြို့နှင့် ဦးမိုးကျော်သန်းကား ခွဲခြား၍ မရစကောင်း။ တပ်မတော်မှ အငြိမ်းစားယူပြီးနောက် ၂ဝဝဝ ပြည့် နှစ်တွင် ကွမ်းလုံမြို့သူ ကချင်တိုင်းရင်းသူ မဂျုံးညွှယ်နှင့် အိမ်ထောင်ပြုခဲ့သည်။
မခင်ရတနာအောင်၊ မခင်အာဇာနည်ကျော်၊ မနှင်းသက်ရွှေစင်ထွန်းနှင့် မောင်ရဲထွဋ်ကျော် အပါအဝင် သားသမီးလေးဦး မွေးဖွားခဲ့၍ သံယောဇဉ်ကြိုးတို့ တိုးခဲ့သည်။
မိသားစု စီးပွားရေးအတွက် အရောင်းအဝယ်၊ လက်သမားပန်းရန် စသည့်လုပ်ငန်းများကို လုပ်ကိုင်ရင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၌ ကြက်ခြေနီစေတနာလုပ်အားရှင်အဖြစ် ၁၉၉၉ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး လူမှုအကျိုးပြု ပရဟိတလုပ်ငန်းများကို တစ်ဖက်က ဆောင်ရွက်ခဲ့ပြန်သည်။
၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ။ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်ထောင်စု၏ နယ်မြေဒေသကို ကျူးကျော်ထိပါးလာသော ကိုးကန့်သောင်းကျန်းသူများကို တပ်မတော်စစ်ကြောင်းများက အသက်၊ သွေး၊ ချွေးတို့ပေးဆပ်၍ တန်ပြန်ထိုးစစ် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေဆဲကာလ။
ဦးမိုးကျော်သန်းသည် ကြက်ခြေနီ စေတနာလုပ်အားရှင် တစ်ဦးပီပီ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ စတင်ကာ ကိုးကန့်ဒေသတိုက်ပွဲ ရှောင်ပြည်သူများကို ကူညီပေးခဲ့သည်။
၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်။ လောက်ကိုင်ဒေသမှ တိုက်ပွဲရှောင် ပြည်သူများကို ကြက်ခြေနီအလံ လွှင့်ထူထားသော မော်တော်ယာဉ်များဖြင့် သွားရောက်ကယ်ဆယ်စဉ် လောက်ကိုင်ခရိုင်၊ ပါစင်ကျော်နှင့် မာလီရူးဝါးအကြား သောင်းကျန်းသူများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဦးမိုးကျော်သန်း၏ ဝမ်းဗိုက်တွင် သေနတ်ကျည်ဆန် ဒဏ်ရာရရှိသွားခဲ့သည်။ သူနှင့်အတူ ကြက်ခြေနီ စေတနာလုပ်အားရှင် ကိုဇော်မင်း ထိုက်လည်း မျက်စိတွင် ဒဏ်ရာရရှိခဲ့ပြန်သည်။
တာဝန်ရှိသူများက ဒဏ်ရာပြင်းထန်သူ ဦးမိုးကျော်သန်းကို ထိုနေ့မှာပင် ကွမ်းလုံမြို့နယ် ပြည်သူ့ဆေးရုံတွင် ခွဲစိတ်ကုသပေးခဲ့ပြီး ဖေဖော်ဝါရီ ၁၈ ရက်တွင် လားရှိုးမြို့ ပြည်သူ့ ဆေးရုံကြီးသို့လည်းကောင်း၊ မတ် ၆ ရက်တွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံ ကြီးသို့လည်းကောင်း ပြောင်းရွှေ့ ကုသပေးခဲ့သည်။
သို့တစေ လောက်ကိုင်ဒေသ တိုက်ပွဲရှောင်ပြည်သူ ၄ဝဝဝ နီးပါးကို လောက်ကိုင်-ကွမ်းလုံ-လားရှိုးသို့ ပို့ဆောင်ကယ်ဆယ်ပေးခဲ့သူ ဦးမိုးကျော်သန်းတစ်ယောက် သူ့အသက် အန္တရာယ်ကိုတော့ သူမကယ်ဆယ် နိုင်တော့။ မတ် ၂၇ ရက်နေ့တွင် ရရှိ ထားသော ဒဏ်ရာဖြင့် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန် သွားရှာခဲ့သည်။
သူချစ်သော ကွမ်းလုံမြေ၊ သူချစ်သော မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် သူမြတ်နိုးသော ဇနီး၊ သားသမီး လေးဦး၊ မွေးစားသားသမီး သုံးဦးတို့ကို အသက်(၄၅)နှစ်အရွယ်မှာပင် နှုတ်ဆက်ခွဲခွာသွားခဲ့ရသည်။ ဦးမိုး ကျော်သန်း၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို သူချစ်သော ကွမ်းလုံမြေ အောင်မင်္ဂလာကျေးရွာ၌ ဂူသွင်း သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
''ဦးမိုးကျော်သန်းရဲ့ လူမှုရေးစိတ်ဓာတ်က ချီးကျူးဖို့ ကောင်းပါတယ်။ သူ့လို တပ်ဖွဲ့ဝင်တစ်ယောက် ဆုံးရှုံး သွားတဲ့အတွက် အများကြီးနှမြောဖို့ ကောင်းပါတယ်''ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အမှုဆောင် ဒါရိုက်တာ ဦးခင်မောင်လှက မှတ်ချက်ပြုသည်။
ဦးမိုးကျော်သန်းကား ဤသို့ ဤနှယ် ဘဝတစ်ခုကို နိဂုံးကမ္ပတ် ချုပ်ငြိမ်းသွားခဲ့ရသော်လည်း သူ၏ လူမှုကရုဏာလုပ်ငန်းဆောင်ရွက်ချက်များက နိဂုံးကမ္ပတ်ချုပ်ငြိမ်းမသွားခဲ့။ သူအသက်စွန့်ကြိုးပမ်းစွာ ဆောင် ရွက်ခဲ့သော မွန်မြတ်သည့် လူမှုကရုဏာလုပ်ငန်းကြောင့် ဦးမိုးကျော်သန်းကို မြန်မာနိုင်ငံကြက်ခြေနီ အသင်းက ကမ္ဘာ့ကြက်ခြေနီအသင်းကြီး၏ အမြင့်ဆုံးဆုဖြစ်သော ဟင်နရီ ဒူးနန့်ဆုကို ရရှိနိုင်ရေးအတွက် အဆို ပြုလွှာတင်ပြထားကြောင်း သိရသည်။
''ဟင်နရီဒူးနန့်ဆုကို မတ်လ ၂၅ ရက်နေ့မှာ နောက်ဆုံးထားပြီး တင်ရ မယ်ဆိုတာကြောင့် ဦးမိုးကျော်သန်း ရဲ့အဆိုပြုလွှာကို မတ်လ ၂ဝ ရက်နေ့ ကတည်းက တင်ထားတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အခြေအနေ ကိုလည်း အချိန်နဲ့တစ်ပြေးညီ တင်ပြပေးနေရတော့ အခု သူဆုံးသွားတာ ကိုလည်း အကြောင်းကြားပေးပြီးပါပြီ''ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဒါရိုက်တာ ဒေါ်ခင်မျိုးမြတ်က ပြောသည်။
ဟင်နရီဒူးနန့်ဆုကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီများ ဖက်ဒရေးရှင်းတို့က ဖွဲ့စည်းထားသော ဆုရွေးချယ်ရေး ကော်မရှင်သို့ နှစ်နှစ်လျှင်တစ်ကြိမ် တင်ပေးရကြောင်း၊ နိုင်ငံတကာကပေးပို့သည့် အဆိုပြုလွှာများကို ရွေးချယ်ရခြင်းဖြစ်၍ ပုံမှန်အားဖြင့် အချိန်သုံး၊ လေးလခန့်ကြာကြောင်း၊ ဟင်နရီဒူးနန့်ဆုသည် အသက်စွန့်ပြီး ထိခိုက်ဒဏ်ရာရမှ ချီးမြှင့်ပေးတာ မဟုတ်ကြောင်း၊ လူသားများကို အကျိုးပြုမှုအပေါ် မူတည်ပြီး အဆင့်ဆင့်ရွေးချယ်ကြောင်း၊ ရွေးချယ်သည့် မူများကလည်း သီးသန့်ရှိ ကြောင်း ၎င်းက ဆိုသည်။
ကမ္ဘာ့ကြက်ခြေနီအသင်းကြီး၏ အမြင့်ဆုံးဆုဖြစ်သော ''ဟင်နရီ ဒူးနန့်ဆု''နှင့် မြန်မာနိုင်ငံက မစိမ်း လှ။ မြစ်ကြီးနားမြို့ အခြေခံပညာ အထက်တန်းကျောင်းသား ကိုစိုင်းအောင်လှိုင်မြင့်သည် ၁၉၇၇ ခုနှစ်တွင် ကချင်ပြည်နယ်အတွင်း၌ တပ်မတော်မှထရပ်ကားတစ်စီး မြစ်ထဲသို့ နစ်မြုပ်သွားစဉ် ယာဉ်မောင်း ရဲဘော်၏အသက်ကို သက်စွန့်ဆံဖျား ရေငုပ်ကယ်တင်ပေးခဲ့၍ ကမ္ဘာ့ကြက်ခြေနီဌာနချုပ်ရှိရာ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့၌ ပေးအပ်ချီးမြှင့်သည့် ဟင်နရီဒူးနန့်ဆုကို ရရှိခဲ့သည်။
ဟင်နရီဒူးနန့်ဆုမှာ ၁၈၅၉ ခုနှစ်တွင် ပြင်သစ်-အီတလီတပ်များနှင့် သြစတြီးယားတပ်တို့အကြား ဖြစ်ပွား ခဲ့သည့် စစ်ပွဲ၏ အနိဋ္ဌာရုံများကို မျက်မြင်ကြုံတွေ့ခဲ့ရပြီး စစ်ပွဲတွင် ဒဏ်ရာရစစ်သည်များကို တတ်စွမ်းသမျှ ကူညီပြုစုစောင့်ရှောက်ပေးခဲ့သူ ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့်ကို အစွဲပြု၍ ပေးအပ်ချီးမြှင့်သောဆု ဖြစ်သည်။
''ဦးမိုးကျော်သန်း ဆေးရုံ ရောက်ရောက်ချင်းမှာပဲ အသင်းကြီးက သွားရောက်ပြီး လိုအပ်တဲ့ ဆေးဝါးတွေနဲ့ အသင်းပိုင်ရန်ပုံငွေကနေ ငွေကျပ် ငါးသိန်း ပံ့ပိုးပေးခဲ့ပါတယ်။ ဆေးကုသမှု ခံယူစဉ်တစ်လျှောက်လုံး ကုန်ကျစရိတ်အားလုံးကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက တာဝန်ယူမယ်လို့ ပြောထားပါတယ်။ သူမဆုံးခင် နှစ်ရက်အလိုမှာလည်း ငွေကျပ် ငါးသိန်း ထပ်မံထောက်ပံ့ပေးခဲ့တာကြောင့် လက်ရှိအချိန်မှာ ဆယ်သိန်း ထောက်ပံ့ပြီးဖြစ်သလို ကျန်ခဲ့တဲ့ သူ့မိသားစုအတွက်ကိုလည်း ငွေကျပ် သိန်းနှစ်ဆယ် ထပ်မံထောက်ပံ့ပေးဖို့ အစီအစဉ်ရှိပါတယ်''ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အမှုဆောင် ဒါရိုက်တာ ဦးခင်မောင်လှက ပြောသည်။
ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ သည် တစ်နိုင်ငံလုံးအတိုင်းအတာအရ လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက် ရာတွင် အမာခံအင်အားများ ဖြစ်ကြ သည်။ ၂ဝ၁၃ ခုနှစ် စာရင်းများအရ တစ်နိုင်ငံလုံးတွင် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်အင်အား နှစ်သိန်းကျော်၊ ရာသက်ပန်အင်အား တစ်သိန်း သုံးသောင်းနီးပါးနှင့် စေတနာ လုပ်အားရှင်အင်အား သုံးသိန်းကျော် ရှိသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းဝင်များနှင့် မြန်မာပြည်သူများ၏ နှလုံးအိမ်ဝယ် ဟင်နရီဒူးနန့်ဆုရှင် ကိုစိုင်းအောင်လှိုင်မြင့်ကို သတိရမှုနှင့်အတူ လတ်တလော လူမှုကရုဏာ လုပ်ငန်းများကို ဆောင်ရွက်ရင်း အသက်စွန့်လွှတ်သွားခဲ့သူ ကြက်ခြေနီ အသင်းဝင် ဦးမိုးကျော်သန်းကို ထာဝရအမှတ်ရနေကြဦးမည်သာ။
(ခင်မောင်ထွေး၊ နန္ဒာဝင်း)
No comments:
Post a Comment