Tuesday, March 3, 2015

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တောင်သူလယ်သမားနေ့ ဂုဏ်ပြုအခမ်းအနား တက်ရောက်ချီးမြှင့်





 နေပြည်တော် မတ် ၂

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ရေးဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန-၂(MICC-II)၌ ကျင်းပသည့် တောင်သူလယ်သမားနေ့ ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်ပြီး တောင်သူလယ်သမား အကျိုးပြု နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ ထူးချွန်ပုဂ္ဂိုလ်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်သည်။
ရှေးဦးစွာ ဒုတိယသမ္မတသည် နံနက် ၈ နာရီ ၁၅ မိနစ်တွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟို ဌာန-၂သို့ ရောက်ရှိလာပြီး ခင်းကျင်းပြသထားသည့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)မှ ဒုတိယအသုတ်အဖြစ် ထောက်ပံ့သည့် ထွန်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များ၊ လယ်ယာသုံးစက်ကိရိယာများ၊ သစ်သီးဝလံ ပြခန်းများ၊ ဝန်ကြီးဌာနပြခန်းများနှင့် ပုဂ္ဂလိကပြခန်းများအား ကြည့်ရှုအားပေးသည်။
ထို့နောက် တောင်သူလယ်သမားနေ့ဂုဏ်ပြု အခမ်းအနားကို ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ပေးပို့သည့် တောင်သူလယ်သမားနေ့ အခမ်းအနားသဝဏ်လွှာအား ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ဖတ်ကြားသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာကြသူများအား တောင်သူလယ်သမား ဂုဏ်ပြုတေးသီချင်းဆုရ တေးသီချင်းများဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ဦးစိုးမောင်၊ ဦးကျော်ဆန်း၊ ဦးအုန်းမြင့်၊ ဦးဇေယျာအောင်နှင့် ဦးဝင်းမြင့်တို့က တောင်သူလယ်သမားနေ့ ဂုဏ်ပြုအထိမ်းအမှတ် တောင်သူလယ်သမားအကျိုးပြု နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ ထူးချွန် ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌဦးတင်ဦးလေး က တောင်သူလယ်သမားနေ့ ဂုဏ်ပြုတေးသီချင်းပြိုင်ပွဲတွင် ဆုရရှိသူများအား ဖတ်ကြားကြေညာသည်။
ဆက်လက်၍ ဒုတိယသမ္မတက ဂုဏ်ပြုတေးသီချင်းပြိင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထ ဆုနှင့် ပဉ္စမဆုရရှိသူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် ဦးတင့်ဆန်းတို့က နှစ်သိမ့်ဆုရရှိကြသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်၊ ဦးအုန်းမြင့်နှင့် ဦးဝင်းမြင့်တို့က ဟင်းသီးဟင်းရွက် သစ်သီးဝလံပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအုန်းသန်းနှင့် ဦးခင်ဇော်တို့က ဟင်းသီးဟင်းရွက်သစ်သီးဝလံûပိင်ပွဲတွင် နှစ်သိမ့်ဆုရရှိကြသူများအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ သည် ဂုဏ်ပြုမှတ်တင်လွှာ ချီးမြှင့်ခြင်းခံရသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပကုမ္ပဏီများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တေးဂီတပညာ ရှင်များနှင့်လည်းကောင်း၊ တောင်သူလယ်သမား(လယ်ယာကဏ္ဍ)ဂုဏ်ပြုတေးသီချင်းပြိုင်ပွဲနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံပြိုင်ပွဲများတွင် ဆုရရှိ ကြသူများနှင့်လည်းကောင်း စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသား တောင်သူလယ်သမားကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယနေ့အခမ်းအနားသို့ နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ တောင်သူလယ်သမား တိုင်းရင်းသား ကိုယ်စားလှယ်များလည်း တက်ရောက်ကြပြီး ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ ရဟန်းရှင်လူပြည်သူအပေါင်း၏ စားနပ်ရိက္ခာဖူလုံစေရေးအတွက် လယ်ကွင်းထဲတွင် နွေ၊ မိုး၊ ဆောင်း ရာသီမလပ် စဉ်ဆက်မပြတ် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်နေကြသော တောင်သူလယ်သမားများ၊ လယ်သမား ဦးကြီးများ၏ လူနေမှုဘဝနှင့် ဝင်ငွေများ တိုးတက်လာစေရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီအားပေးဆောင်ရွက်နေကြသော နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ လယ်ယာကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံကြသည့် လုပ်ငန်းရှင်ကြီးများကို ဂုဏ်ပြုကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။(သတင်းစဉ်)

No comments:

Post a Comment