Tuesday, March 3, 2015

ခရီးသည်တင်လေယာဉ်များ ပျံသန်းမှုစောင့်ကြည့်ရေးစနစ် စမ်းသပ်မည်





ကင်ဘာရာ မတ် ၂

ပင်လယ်သမုဒ္ဒရာ ဝေဟင်အထက် ခရီးသည်လေယာဉ်များ ပျံသန်းမှုကို အနီးကပ်စောင့်ကြည့်နိုင်မည့် စနစ် တစ်ရပ်နှင့်ပတ်သက်၍ သြစတြေးလျ နိုင်ငံက မလေးရှားနှင့် အင်ဒိုနီးရှား တို့နှင့်အတူ ပူးတွဲစမ်းသပ်မှုပြုလုပ် မည်ဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မတ် ၂ ရက်တွင် သတင်းထုတ်ပြန်သည်။
၂ဝ၁၄ ခုနှစ် မတ် ၈ ရက်က မလေးရှားလေကြောင်းဌာနမှ ခရီးစဉ် အမ်အိပ်ခ်ျ ၃၇ဝ ပျံသန်းလာသော ခရီးသည်တင်လေယာဉ် ပျောက်ဆုံးခဲ့ ပြီးနောက် တစ်နှစ်ခန့်အကြာတွင် လေကြောင်းခရီးစဉ်များ လုံခြုံရေး အတွက် ဒေသဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သြစတြေးလျအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။
အဆိုပါ လေယာဉ်နှင့်အတူ လူ ၂၃၉ ဦး လိုက်ပါသွားခဲ့သည်။ ဝေးလံ သီခေါင်သော သမုဒ္ဒရာအထက် ဝေဟင်တွင် ပျံသန်းနေစဉ် ခရီးသည် တင်လေယာဉ်ကို ယခင်က မိနစ် ၃ဝ မှ ၄ဝ မိနစ်လျှင် တစ်ကြိမ် စောင့်ကြည့် ရာမှ ၁၅ မိနစ်လျှင် တစ်ကြိမ်စောင့်ကြည့်နိုင်မည့် စနစ်တစ်ရပ် စမ်းသပ်မည်ဖြစ်သည်။
လေယာဉ်များပျံသန်းနေစဉ် ပုံမှန် မဟုတ်သည့် အခြေအနေများနှင့် တွေ့ကြုံနေရခြင်းရှိ၊ မရှိ အချိန်နှင့် တစ်ပြေးညီ လေ့လာစောင့်ကြည့်နိုင်မည့် စနစ်ကိုအကောင်အထည်ဖော်ရန် သြစတြေးလျ အစိုးရသည် မလေးရှား နှင့်အင်ဒိုနီးရှားနိုင်ငံတို့နှင့် ဆွေးနွေးမှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။
ဆင်ဟွာ။

No comments:

Post a Comment