မြန်မာနိုင်ငံနှင့်အီဘိုလာကာကွယ်ရေး
အီဘိုလာရောဂါသည် ၂ဝ၁၄ ခုနှစ် မတ်လတွင် အာဖရိက အနောက်ပိုင်းဒေသ
ဂီနီနိုင်ငံမှ စတင်ကာ ကပ်အသွင်ဖြင့် အခြား အာဖရိကနိုင်ငံများဖြစ်သည့်
လိုက်ဘေးရီးယား၊ နိုင်ဂျီးရီးယားနှင့် ဆီယာရာလီယွန်နိုင်ငံတို့အပြင်
စပိန်နှင့် အမေရိကန်နိုင်ငံတို့၌ပါ ပျံ့နှံ့ဖြစ်ပွားခဲ့ပါသည်။ သို့သော်
အာဖရိကနိုင်ငံများ၌သာ အဆိုးရွားဆုံး ဖြစ်ပွားခဲ့ပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၈-၂-၂ဝ၁၅) ရက်နေ့အထိ ထုတ်ပြန်ချက်အရ
ဤရောဂါကူးစက်ခံရသူ ၂၂၈၉၄ ဦးရှိပြီး သေဆုံးသူ ၉၁၇၇ ဦးရှိကြောင်း
သိရပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ အီဘိုလာ ရောဂါသည်
ထိန်းချုပ်ရန်ခက်ခဲပြီး ရောဂါပိုးရှိသော လူနာ၏ ခန္ဓာကိုယ်မှထွက်သော
အရည်များဖြစ်သည့် တံတွေး၊ သလိပ်၊ သွေးတို့ကို တိုက်ရိုက်ထိတွေ့
ကိုင်တွယ်မှုကြောင့် အဓိက ကူးစက်ပြန့်ပွားခြင်းဖြစ်ကြောင်း သိရသည်။
ဤရောဂါသည် ဆားစ်၊ ကြက်ငှက်တုပ်ကွေးရောဂါ(H5N1)နှင့် ကမ္ဘာ့
လူတုပ်ကွေးH1N1-2009 ၊ (H7N9)ရောဂါများကဲ့သို့ လေထုထဲမှ
ပျံ့နှံ့ကူးစက်ခြင်း မရှိပေ။ အီဘိုလာဗိုင်းရပ်စ် (Ebola Virus)
ကူးစက်ခံရသူများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံမိမှသာလျှင်
ရောဂါကူးစက်ခံရခြင်းဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ကျန်းမာ ရေး ပြဋ္ဌာန်းချက်များနှင့်အညီ မြန်မာနိုင်ငံတွင် အီဘိုလာရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်လျက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အစီအမံများ ချမှတ်ကာ ဆောင်ရွက်လျက်ရှိပါသည်။ ရောဂါထောက်လှမ်းရေးအနေဖြင့် ကူးစက်မြန်အီဘိုလာဗိုင်းရပ်စ်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းကို နိုင်ငံတကာ ဝင်ပေါက်၊ ထွက်ပေါက်များဖြစ်သည့် လေဆိပ်၊ ရေဆိပ်များ၊ နယ်စပ်ဖြတ်ကျော် ဝင်ပေါက်ထွက် ပေါက်များတွင် ကျန်းမာရေးဝန်ထမ်းများကို တာဝန်ချထား ဆောင်ရွက်လျက်ရှိပါသည်။
အကယ်၍ သံသယရှိ အီဘိုလာရောဂါ ကူးစက်ခံရသူ တွေ့ရှိပါကလည်း သွေးနမူနာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသော ဓာတ်ခွဲခန်းများသို့ လေကြောင်းခရီးဖြင့် ပို့ဆောင်စစ်ဆေးမှု ပြုလုပ်ရမည်ဖြစ်ပါသည်။ လက်ရှိအခြေအနေ တွင် မြန်မာနိုင်ငံတွင် အီဘိုလာစစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်း မရှိသေးပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ ဇီဝလုံခြုံမှု အဆင့်(၄) ရှိသော ဓာတ်ခွဲခန်းများ၌သာ အီဘိုလာရောဂါကို စစ်ဆေးနိုင်မည်ဖြစ်ပါသည်။
ဤသို့ အီဘိုလာစစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်းသည် ရောဂါပိုးထိန်းချုပ်မှုလုပ်ငန်းများ တင်းကျပ်စွာဆောင်ရွက်ရန် လိုအပ်ခြင်း၊ ငွေကြေးမြောက်မြားစွာ ကုန်ကျမှုရှိခြင်းတို့ကြောင့် တည်ဆောက်ထားရှိရန် အခက်အခဲများရှိပါသည်။ သို့သော်လည်း ဓာတ်ခွဲခန်းနှင့် ရောဂါ ထောက်လှမ်းရေး အရည်အသွေးမြှင့်တင်ရန် ရန်ကုန်မြို့ရှိ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနအား ဇီဝလုံခြုံမှုအဆင့် (၂+) မှ အဆင့်(၃) အထိရရှိအောင် တိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောဓာတ်ခွဲခန်းပစ္စည်းများနှင့် နည်းပညာဖြည့်ဆည်းရေးဆိုင်ရာ ကိစ္စတို့အား အသေးစိတ် လုပ်ငန်းစီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။
သွေးနမူနာ ပေးပို့စစ်ဆေးခြင်းလုပ်ငန်းများအတွက် နိုင်ငံ တကာလေကြောင်းလိုင်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အပြင် ဆေးရုံနှင့် ကျေးလက်ဒေသများမှ ကျန်းမာရေးဝန်ထမ်း များအား သင်တန်းများပေးခြင်း၊ လမ်းညွှန်ချက်များဖြန့်ဝေခြင်း၊ ပြည်သူ လူထုပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကိုလည်း ပြုလုပ်လျက်ရှိပါသည်။ သို့ပါ၍ အီဘိုလာနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ကာကွယ်ရေးအစီအမံများ ဆောင်ရွက်လျက် ရှိပါကြောင်း။ ။

No comments:
Post a Comment