ဝတ္တရားများ ကျေပွန်ကြဖို့လိုပါသည်
မိသားစုနှင့်ဝန်းကျင် သာယာချမ်းမြေ့ရေးသည် အရေးကြီးသော
လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ပါသည်။ အိမ်ထောင်စုတစ်စုတွင် အမိ၊ အဖ၊
သားသမီးများဟူ၍ ရှိကြပါသည်။ အိမ်ထောင်စု၏ ဦးစီးဦးဆောင်သူမှာ အမိ
အဖများပင်ဖြစ်၍ ထိုအိမ်ထောင်စုဘဝ သာယာချမ်းမြေ့ရေးသည်
အိမ်ထောင်ဦးစီးတို့အပေါ်တွင်သာ တည်မှီပါသည်။
ထို့ကြောင့်
''လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ''ဟူ၍လည်းကောင်း၊
''သားသမီးမကောင်း မိဘခေါင်း''ဟူ၍ လည်းကောင်း ပြောစမှတ်ပြုကြပါသည်။
မြတ်စွာဘုရားရှင်ကလည်း သိင်္ဂါလောဝါဒ သုတ်တော်တွင် အိမ်ထောင်ဦးစီးများအတွက်
''မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊
ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ''ဟူ၍ မိဘတို့ဝတ္တရား
ငါးပါးကို ဟောကြားလမ်းညွှန်တော် မူထားပါသည်။
မိဘတို့သည်
အမိဝမ်းတွင်း၌ သားသမီးငယ် သန္ဓေတည်လာချိန်မှ စတင်၍ သားသမီးအကျိုးအတွက်
ကြိုတင်ပြင်ဆင်ရသည်။ သားကောင်း သမီးမွန်လေးများရရှိအောင်
မိဘတိုင်းဆုတောင်းကြသည်။ မွေးဖွားလာမည့် မိမိတို့သားသမီးလေးများ
ဘေးမသီရန်မခစေရန် ဘာသာတရားအဆုံး အမနှင့်အညီ ဆုတောင်းလေ့ရှိသည်။
မွေးဖွားသောအခါ၌လည်း အခက်အခဲမရှိ ပင်ပန်းဆင်းရဲခြင်းမရှိစေရန်လည်း
ကြံဆကြရသည်။ ထိုသို့ဆောင်ရွက် ကြသောကြောင့် မိခင်ရော
မွေးဖွားသည့်သားသမီးပါ ကောင်းကျိုးချမ်းသာ ရရှိနိုင်ကြသည်။
မွေးဖွားပြီးသည့်အခါတွင်လည်း မှက်၊ ခြင်၊ ယင် မသန်းဘဲ ကျန်းမာလန်းဖြာကာ
တစ်စတစ်စဖွံ့ဖြိုးလာအောင် နိစ္စဓူဝ ယုယစောင့်ရှောက်ကြရ သည်။
မိခင်နို့ချိုကို ထွေးပိုက်တိုက်ကျွေး ပြုစုကြသည်။ အရွယ်ရ၍
ကျောင်းနေစအချိန်တွင်လည်း သွားရေးလာရေး၊ ဝတ်စားဆင်ယင်ရေး၊ စားသောက်
ပြုမူနေထိုင်ရေးမှအစ လိုလေသေးမရှိအောင် ဆောင်ရွက်ပေးကြသည်မှာ လူတစ်လုံး
သူတစ်လုံး ဖြစ်လာသည်အထိ ဖြစ်သည်။
ထိုမျှသာမက မကောင်းမှုများကို
တားမြစ်ခြင်း၊ ကောင်းမှုကောင်းရာများကို ညွှန်ပြပေးခြင်း၊
အတတ်ပညာသင်ကြားပေးရခြင်း၊ အရင်းအနှီးလုပ်ကိုင် စားနိုင်ရန်
ဖန်တီးပေးရခြင်း၊ သင့်တင့်လျောက်ပတ်သူ သားကောင်းသမီး ကောင်းများနှင့်
လက်ထပ်ထိမ်းမြားပေးရခြင်းတို့ကိုပါ မိဘဝတ္တရားငါးပါးအတိုင်း
ဖြည့်ဆည်းဆောင်ရွက်ပေးကြရသည်။
မိမိတို့အား လူတစ်လုံး
သူတစ်လုံးဖြစ်လာအောင် ပြုစုစောင့်ရှောက်ခဲ့ကြသော မိဘများအား သားသမီးများက
ပြန်လည်လုပ်ကျွေးခြင်း၊ အမိအဖတို့၏ အမှုကိစ္စတို့ကို ဆောင်ရွက်ပေးခြင်း၊
မိဘစကားနားထောင်၍ မိဘတို့ အမွေခံထိုက်အောင် ပြုလုပ်ခြင်း၊
မိဘတို့ကွယ်လွန်သောအခါ မိဘတို့အား ရည်စူး၍ ကုသိုလ်ပြုလုပ် အမျှပေးဝေခြင်း၊
မိဘတို့၏ အမျိုးအနွယ်၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ခြင်းတည်းဟူသော
သားသမီး ဝတ္တရားငါးပါးနှင့်အညီ ပြန်လည်ကျေးဇူးတုံ့ပြန်ကြရမည်ဖြစ်သည်။
ထို့အပြင် မိမိတို့အား အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတများကို အကုန်အစင်
သင်ကြားပေးသော ဆရာသမားတို့မှာလည်း မိမိတို့အား အသိပညာမြင့်မားအောင်
ဆောင်ရွက်ပေးသူ ကျေးဇူးရှင်များဖြစ်၍ ဆရာသင်ကြားဆုံးမသမျှ
မှတ်သားနာယူခြင်း၊ ဆရာအား ခရီးဦးကြိုဆို ဂါရဝပြုခြင်း၊ ဆရာ့ထံပါးတွင်
ဆည်းကပ်ခစားခြင်း၊ ပြုဖွယ်ကိစ္စများကို ပြုလုပ်ပေးခြင်း၊
သင်ကြားပြသပေးသည်များကို လေးစားစွာ တွေးတော ကြံစည်သင်အံလေ့ကျက်ခြင်းစသည့်
တပည့်ကျင့်ဝတ်ငါးပါးနှင့်အညီ ပြုမူဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
ယင်းတို့မှာ မြန်မာတို့၏ မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် ကျင့်ကြံ
အားထုတ်ဆောင်ရွက်ကြသည့် ကောင်းမြတ်သော အစဉ်အလာများ ဖြစ်ပါသည်။
ထိုအစဉ်အလာကောင်းများကို မတိမ်ကော၊ မပပျောက်အောင်
ထိန်းသိမ်းစောင့်ရှောက်ရန်မှာ လက်ရှိမိဘ၊ ဆရာသမားများဖြစ်သလို
မျိုးဆက်သစ်လူငယ် လူရွယ်များကလည်း အစဉ်အလာကောင်းများနှင့်အညီ
လိုက်နာကျင့်ကြံအားထုတ်သင့်ပါသည်။ ။
No comments:
Post a Comment