Tuesday, March 3, 2015

တောင်သူလယ်သမားများ၏ ရွှေခေတ်







စိုက်ပျိုးရေးကို အခြေခံသည့် မြန်မာနိုင်ငံအတွက် တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ တောင်သူလယ်သမားများကို ဂုဏ်ပြုကျင်းပသော တောင်သူလယ်သမားနေ့ အခမ်းအနားကို မတ် ၂ ရက် နံနက်ပိုင်းက နေပြည်တော်၌ ကျင်းပရာ နိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တောင်သူလယ်သမားများ တက်ရောက်ကြသည်။ ထိုအခမ်းအနားတွင် တောင်သူလယ်သမားများအတွက် တိုးတက်လာသော နည်းပညာများနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာများ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို ပုဂ္ဂလိကကုမ္ပဏီများ က လာရောက်ခင်းကျင်းပြသထားသည်ကို တွေ့ရှိရသည်။ ထိုအခမ်းအနားသို့ တက်ရောက်ကြသော တာဝန်ရှိသူများ၊ တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေးဆိုင်ရာ ကုမ္ပဏီများမှ စိုက်ပျိုးရေးဆိုင်ရာ သတင်းစကားများကို ပြန်လည်ဖော်ပြလိုက်ပါသည်။
တောင်သူကြီး ဦးဆန်ဟေး
ထန်တလန်မြို့နယ်
ကျွန်တော်တို့ ထန်တလန်မှာ စပါးစိုက်ပျိုးတာ များပါတယ်။ ရွှေ့ပြောင်း တောင်ယာစနစ်နဲ့ စိုက်တာများတယ်။ အခုတော့ 'ဝ'ဥတို့ ဂမုန်းတို့ စိုက်တာလည်းရှိတယ်။ ကျွန်တော်တို့ဆီမှာ စိုက်ပျိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေး နည်းနည်းအခက်အခဲရှိပါတယ်။ လမ်းပန်းဆက်သွယ်ရေး သိပ်မကောင်းတော့ ပစ္စည်းသယ်ယူရတာ နည်းနည်း ခက်တယ်။ စိုက်ပျိုးရေးကိရိယာတွေလည်း ရောက်ဖို့ခက်ခဲနေတယ်။
တောင်သူကြီး
ဦးတင်မောင်ညွန့်
မြောင်းမြမြို့နယ်
ကျွန်တော်တို့မြို့နယ်မှာက စပါးအများဆုံးစိုက်တယ်။ ပေါ်ဆန်း၊ နှံစား နဲ့ ဒီမှာခင်းကျင်းပြသထားတဲ့ အထူး အထွက်ကောင်း ပုလဲသွယ်စပါးတွေ စိုက်ကြတာများတယ်။ ပဲသီးနှံတွေလည်း စိုက်ပါတယ်။ ဒီမှာခင်းကျင်းပြသ ထားတာတွေလည်း လေ့လာပြီးပါပြီ။ ဒီနှစ် မိုးလေဝသလည်း ကောင်းတယ်။ ပြီးတော့ ကျွန်တော်တို့ဒေသမှာက စပါးစိုက်ဖို့ ရေခံမြေခံကောင်းတော့ အဆင်ပြေတယ်။ နည်းပညာပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း စိုက်ပျိုးရေး ဦးစီးဌာနနဲ့ ပူးပေါင်းပြီးတော့ ပညာ ပေးလုပ်ငန်းတွေလည်း လုပ်တယ်။ ဆည်မြောင်းဦးစီးဌာနတို့ စက်မှုလယ်ယာဦးစီးဌာနတို့နဲ့လည်း စက်မှု လယ်ယာစနစ်အတွက် ပူးပေါင်းဆောင်ရွက်နေတယ်။ အခုနောက်ပိုင်း မှာ modern farm လို့ခေါ်တဲ့ စက်မှု လယ်ယာစနစ် ပီပြင်သွားအောင် နိုင်ငံတော်က အကူအညီတွေပေးသွားမယ်ဆိုရင် လယ်ယာကဏ္ဍဟာ ပိုပြီးပီပြင် သွားမယ်လို့ ထင်ပါတယ်။
ဦးမြင့်အောင်
(အထွေထွေမန်နေဂျာ)
မြန်မာဘဲလ်ကုမ္ပဏီ
ကျွန်တော်တို့ တောင်သူတွေကို အခု contract farming အနေနဲ့ သူတို့ရဲ့ သွင်းအားစုတွေကို စိုက်ထုတ် ပေးတယ်။ မျိုးကအစ မြေသြဇာ၊ ပိုးသတ်ဆေးစတာတွေကို ထုတ်ပေးပါတယ်။ တောင်သူတွေက contract farming လုပ်တဲ့အတွက် သေချာတဲ့ အမြတ်တစ်ခုရရှိတယ်။ စိုက်ပျိုးတဲ့ သီးနှံကို ပုံမှန်စိုက်ပျိုးနိုင်တယ်။ Contract farming လုပ်တဲ့နေရာမှာ ရှမ်းပြည်နယ်လို နေရာမှာက ကုန်စိမ်းထွက်ကုန်တွေ အများကြီးထွက်တယ်။ ကုန်စိမ်းဈေးက အတက်/အကျတွေ ရှိတဲ့အတွက် ဟဲဟိုးမှာ ဟင်းသီးဟင်းရွက် အခြောက်ခံစနစ်နဲ့ လုပ်နေတာရှိ တယ်။ အခုလောလောဆယ်မှာ ဂေါ်ဖီထုပ်ကို အခြောက်ခံပြီး ဂျပန်နဲ့ ကိုရီး ယားကို ပို့နေတာရှိတယ်။ ပြီးတော့ ကြက်သွန်ဖြူ၊ ချင်း၊ မုန်လာဥတွေကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဆက်လက် တင်ပို့သွားမှာပါ။ ကျွန်တော်တို့ မနှစ်က နိုင်ငံတော် သမ္မတကပေးတဲ့ တန်ဖိုး မြှင့်ကုန်ထုတ်လုပ်မှုနဲ့ ဆုရရှိခဲ့ပါသေးတယ်။
ဦးအောင်နိုင်ဦး
နယူးဧရာကုမ္ပဏီ
ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ အာဟာရရည်နဲ့ မြေယာမဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးစနစ်ဆိုတာ မြေမပါဘဲ ရေထဲမှာ အာဟာရရည် ထည့်ပြီး စိုက်တဲ့စနစ်ဖြစ်ပါတယ်။ မြို့ပြစိုက်ပျိုးနည်းပညာစနစ်လို့လည်း ခေါ်ကြတယ်။ ဒီစနစ်ဟာ မြေဧရိယာ နည်းတဲ့သူတွေ၊ လုပ်သားအင်အား နည်းတဲ့သူတွေအတွက် ရည်ရွယ်ပါ တယ်။ ဒီစနစ်ဟာ ဆလတ်၊ မုန်ညင်း၊ ငရုတ်သီးစတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးပင်တွေကို စိုက်ပျိုးလို့ရပါတယ်။ ကိုယ်စားချင်တဲ့ ဟင်းသီးဟင်းရွက်ကို ရာသီမရွေးစိုက်လို့ ရနိုင်တဲ့စနစ်ပါ။ အခုလောလောဆယ်မှာတော့ အာဟာ ရရည်ကို ထိုင်းနိုင်ငံက မှာယူတာပါ။ နောက်တစ်လနေရင် အရောင်းပြခန်းတွေ ဖွင့်လှစ်ရောင်းချသွားမှာပါ။ ဒီစနစ်ကို ကျွန်းနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေမှာ စိုက်ပျိုးကြပါ တယ်။ ဒီနည်းစနစ်တွေကို စက်စက်ယို စိုက်ခင်းမှာ လာရောက်လေ့လာလို့ ရပါတယ်။
ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်
လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန
လယ်ယာကဏ္ဍမှာ စိုက်ပျိုးထုတ် လုပ်နေကြတဲ့ တောင်သူလယ်သမားတွေဟာ လယ်ယာကဏ္ဍထဲမှာ ပျော်မွေ့နေပြီးတော့မှ သူတို့အတွက် ဘဝအနာဂတ်အဖြေရှာတဲ့ အခြေအနေကောင်းတွေကို ဖန်တီးပေးနိုင်ဖို့အတွက် လက်မှုလယ်ယာကနေ စက်မှုလယ်ယာကူးပြောင်းရေးအပါအဝင် သူတို့ထုတ်လုပ်လိုက်တဲ့ လယ်ယာထွက် ကုန်တွေကို တန်ဖိုးမြှင့်ထုတ်ကုန်တွေ အဖြစ် ထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်ကို တင်ပို့ရောင်းချနိုင်ဖို့အတွက် ကြိုးစား ဆောင်ရွက်ပေးလျက်ရှိပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူ လူထုတွေအပါအဝင် နိုင်ငံတော်အပိုင်းကရော နိုင်ငံတကာအဖွဲ့အစည်း တွေကပါ အထောက်အကူပေးနေတဲ့ ကာလဖြစ်တဲ့ အတွက်ကြောင့် တောင်သူလယ်သမားတွေရဲ့ ခေတ်ဟာ မကြာခင်မှာဘဲ ရွှေခေတ်ရောက်လာ မယ်လို့ ကျွန်တော့်အနေနဲ့ လေးနက်စွာ ယုံကြည်ပါတယ်။
တောင်သူလယ်သမားတွေအနေနဲ့ ကတော့ ဒီနေ့နိုင်ငံတော်ကနေပြီး ဘက်စုံထောင့်စုံကနေ အားပေးကူညီ နေတဲ့အပေါ်မှာ မိမိတို့ကိုယ်တိုင် တိုးတက်ကြီးပွား အောင်မြင်လိုတဲ့ စိတ်နဲ့ ကိုယ်တိုင်ဝါယမစိုက်ထုတ် ကြိုးစားမယ်ဆိုရင် လယ်သမားတွေရဲ့ ခေတ်ဟာ လက်တစ်ကမ်းအကွာမှာပဲ ရှိတယ်လို့ ကျွန်တော့်အနေနဲ့ တောင်သူလယ်သမားတွေအားရှိဖို့အတွက် ပြောကြားလိုပါတယ်။
ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာတင်ထွဋ်
စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာန
ကျွန်တော်တို့က စိုက်ပျိုးရေးကဏ္ဍမှာ နည်းပညာကို အခြေခံတဲ့စိုက်ပျိုးရေးကို ပြောင်းရမှာဖြစ်ပါတယ်။ ကျွန်တော်တို့က တောင်သူအတွက်လိုအပ်တဲ့ သွင်းအားစုတွေ အခုစိုက်တဲ့ပျိုးတဲ့ လုပ်အားတွေရဲ့ ထုတ်လုပ်မှုတန်ဖိုးတွေ တက်လာအောင်ဆိုတာ နည်းပညာကို အခြေခံတဲ့ဟာပဲဖြစ်ပါတယ်။ အခုဒီနှစ် ကြည့်လိုက်မယ်ဆိုရင် ရာသီဥတု ပြောင်းလဲမှုကြောင့် စိုက်ကွင်းထဲမှာ အင်မတန်ပင်ပန်းကြတယ်။ ပြီးတော့ လယ်ယာကဏ္ဍထဲမှာ လုပ်ငန်းခွင်ထဲမှာ ကျွန်တော်တို့ လယ်ယာလုပ်သား အင်မတန်ရှားသွားပြီ။ ရှားသွားတော့ ကျွန်တော်တို့က စက်မှုလယ်ယာကို ကူးနိုင်မှသာလျှင် တစ်သီး၊ နှစ်သီးနဲ့ သုံးသီး အစရှိသဖြင့် ဒီလိုသွားနိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး နှစ်စဉ်ဇန်နဝါရီ ၁ ရက်ကို တောင်သူလယ်သမားနေ့ဟု သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။ တော်လှန်ရေးကောင်စီ လက်ထက်တွင် မြေရှင်စနစ်ဖျက်သိမ်း ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အုန်းတော ကျေးရွာ၌လည်းကောင်း၊ ဟင်္သာတမြို့ နယ် ဒူးယားကျေးရွာ၌ လည်းကောင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပား ကျေးရွာ၌ လည်းကောင်း၊ တောင်ငူ မြို့နယ် ခပေါင်းကျေးရွာ၌လည်းကောင်း တောင်သူလယ်သမားနှီးနှော ဖလှယ်ပွဲများကို ကျင်းပခဲ့ပြီး မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ကြောင်းသိရသည်။
မေး၊ရေး-ဟန်နီဝင်း
ဓာတ်ပုံ - ရွှေကိုလေး

No comments:

Post a Comment