မန္တလေး မတ် ၂
နွေဦးကာလ တပေါင်းလသို့ ရောက်သည်နှင့် အညာဒေသတွင် အိုးဈေးကွက်
ကောင်းလေ့ရှိသည်။နွေဦးမှစကာ ဈေးကွက်ကောင်းမွန်လာပြီး သင်္ကြန်အတွက်ပါ
အတာအိုးများထုတ်လုပ်လျက်ရှိသည်။
မန္တလေးမြို့တွင် ဒေသအသီးသီး
မှထွက်သော အိုးမျိုးစုံကို သုံးဘီးဆိုင်ကယ်၊ လက်တွန်းလှည်းများဖြင့်
လှည့်လည်ရောင်းချလျက် ရှိသည်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင်
သာစည်အိုး၊ ထနောင်ကိုင်းအိုး၊ တပ်ကြီးအိုး၊ စစ်ကိုင်းအိုး၊ ရန္တပိုအိုးတို့
အဝင်များသည်။
မန္တလေးမြို့ပေါ်တွင် လှည့်လည် ရောင်းချသောအိုးများမှာ ရန္တပိုနယ်ထွက်သောက်ရေအိုးများကိုအများစု ရောင်းချကြောင်းသိရသည်။အိုးသည် အများစုမှာ ဧရာဝတီမြစ်ဆိပ်ကမ်း တာပေါင်ပေါ်တွင် ယာယီတဲထိုး၍ နေထိုင်ကြသည်။ အိုးရောင်းဝယ်မှု ပြုသူများသည် မြောင်၊ မြစ်ဆုံဒေသနှင့်အခြားနယ်စုံမှဖြစ်ပြီး ရေကြည်ရာ မြက်နုရာ မန္တလေးမြို့ပေါ်တက်ကာ ရောင်းဝယ်ကြခြင်းဖြစ်သည်။
နွေဦးကာလတွင် သောက်ရေအိုးဈေးကွက်ရောင်းအားကောင်းလျက်ရှိသည်။ မြေသောက်ရေအိုးများကို အိုးသည်များက လက်တွန်းလှည်းများဖြင့် တင်ကာ ရပ်ကွက်အသီးသီး လှည့်လည်ရောင်းချကြသည်။ အိုးရောင်းရာ၌ အိုးသည်များသည် မြေသောက်ရေအိုးများကို ရေလုံ၊ မလုံ ရေထည့်၍စမ်းသပ်ပေးခြင်း(ရေရွယ်ခြင်း)များ ပြုလုပ်ပေးသည့်အတွက် အိုးဝယ်သူများ ယုံကြည်စွာဝယ်ယူ လျက်ရှိကြောင်း သိရသည်။
လက်ရှိကာလတွင် မန္တလေးမြို့ပေါ်မှ အိုးသည်များမှာ မြေသောက်ရေအိုးနှင့် ရွှေကူကောက်အိုးများကို အများစု ရောင်းချကြသည်။ မြေသောက်ရေအိုးတစ်လုံးလျှင်ငွေကျပ် ၁ဝဝဝ တန်မှစကာ အစားစားရှိကြောင်းနှင့် ရပ်ကွက်အသီးသီးတွင် မြေသောက်ရေအိုး ဝယ်ယူမှုများပြား လျက်ရှိကြောင်းသိရသည်။
(တိမ်တမန်)

No comments:
Post a Comment