ရန်ကုန် မတ် ၂
ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာညှိနှိုင်းဆွေးနွေးရေး အဖွဲ့၏
စာနယ်ရှင်းဇင်းလင်းပွဲကို ယနေ့ညနေ ၃ နာရီက ရန်ကုန်တိုင်းဒေသကြီး
အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌
ပြုလုပ်သည်။
စာနယ်ဇင်းရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ
ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ ဥက္ကဋ္ဌ အလုပ်သမား၊ အလုပ်အကိုင်နှင့်
လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က အခြေခံလုပ်ခလစာ
တိုးမြှင့်ပေးရန် တောင်း ဆိုမှုဖြစ်ပွားနေသော ကျောက်နီ အထည်ချုပ်စက်ရုံ၊
ELAND Myanmar အထည်ချုပ်စက်ရုံ၊ Costec အထည်ချုပ်စက်ရုံ၊ Ford Glory
အထည်ချုပ်စက်ရုံ၊ တိုင်ရီ ဖိနပ်စက်ရုံများကို အကြိမ်ကြိမ်
ညှိနှိုင်းပေးခဲ့ပါကြောင်း၊ ကျောက်နီ အထည်ချုပ်စက်ရုံသည် ဖေဖော်ဝါရီ ၁၆
ရက်တွင် ပြေလည်မှုရရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် ရာနှုန်းပြည့်
နီးပါးလုပ်ငန်းခွင်သို့ အေးချမ်းစွာ ဝင်ရောက်နေပြီဖြစ်ကြောင်း၊ တိုင်ရီ
ဖိနပ်စက်ရုံသည် ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြေလည်မှုရရှိပြီး ဖေဖော်ဝါရီ ၂၄
ရက်တွင် ရာနှုန်းပြည့်နီးပါး လုပ်ငန်းခွင်သို့ အေးချမ်းစွာ လုပ်ကိုင်
လျက်ရှိကြောင်း၊ Costec အထည်ချုပ် စက်ရုံနှင့် Ford Glory အထည်ချုပ်
စက်ရုံတို့သည် ဖေဖော်ဝါရီ ၂၃ ရက် တွင်ပြေလည်မှုရရှိပြီး ဖေဖော်ဝါရီ ၂၄
ရက်တွင် Costec အထည်ချုပ်စက်ရုံ မှ လုပ်သားဦးရေ ၁၂၂၆ ဦးရှိသည့် အနက် ၉၂၇
ဦး လုပ်ငန်းခွင်သို့ ဝင်ရောက်နေပြီဖြစ်ကြောင်း၊ Ford Glory
အထည်ချုပ်စက်ရုံသည် လုပ်သားဦးရေ ၆၁၁ ဦး ရှိသည့် အနက် ၄၁၃ ဦး
လုပ်ငန်းခွင်သို့ ဝင်ရောက်နေပြီဖြစ်ကြောင်း မိမိတို့ အဖွဲ့အနေဖြင့်
အတတ်နိုင်ဆုံး ပြေလည်ပြီး အလုပ်သမားများ လုပ်ငန်းခွင်သို့
အေးချမ်းစွာဝင်ရောက် လုပ်ကိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း
ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာနှင့် အလုပ်သမားရေးရာ ဝန်ကြီးဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင် မောင်ဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေး ရေးအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော် ထွန်းတို့က အလုပ်သမားရေးရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၏ ဆောင်ရွက် ချက်များကိုဆွေးနွေးပြီး တက်ရောက်လာသည့် စာနယ်ဇင်းသမားများက အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ကိစ္စ၊ ယခု ဆက်လက်ဆန္ဒပြနေသည့် ငြိမ်း၊ စု၊ စီ လျှောက်ထားမှုနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များ မေးမြန်းရာ မေးမြန်းချက်များကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးထင်အောင်က ယခု ဆွေးနွေးပြောကြားခဲ့သော အချက်အလက်များကို မီဒီယာများက မှန်မှန်ကန်ကန် မျှမျှတတ ရေးသားဖော်ပြစေလိုကြောင်း၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုရှိစေလိုကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား အဆင်ပြေမှုဖြစ်စေလိုကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် အလုပ်သမားရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး အကောင်းမွန်ဆုံး ကြိုးစားဆောင်ရွက်ပေးနေပါကြောင်း၊ ယခုလည်း ဆောင်ရွက်နေပါကြောင်း၊ နောင်တွင်လည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုပြဿနာများ ပြေလည်မှုရရှိစေရန် ဖေဖော်ဝါရီ ၁၇ ရက်မှစတင်ပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင် ဦးဆောင်သော ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ယခု စာနယ်ဇင်းရှင်းလင်းပွဲသည် တတိယအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်း-သီသီမင်း - ဓာတ်ပုံ-စိမ်းခက်)

No comments:
Post a Comment