Tuesday, March 3, 2015

ဒုတိယအကြိမ် မြန်မာနိုင်ငံစာကြည့်တိုက်မှူးများ ညီလာခံကျင်းပပြီးစီး


ရန်ကုန် မတ် ၂


ဒုတိယအကြိမ် မြန်မာနိုင်ငံ စာကြည့်တိုက်မှူးများ ညီလာခံကို ယနေ့နံနက် ၉ နာရီမှစတင်၍ ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ဆက်လက်ကျင်းပသည်။
အဆိုပါညီလာခံသို့ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ မြန်မာနိုင်ငံစာကြည့်တိုက် များဖောင်ဒေးရှင်းနာယက ဦးအောင်ကြည်၊ ဥက္ကဋ္ဌ ဦးမောင်မောင်၊ ဒုတိယ ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်၊ မြန်မာနိုင်ငံစာကြည့်တိုက် အသင်းဥက္ကဋ္ဌ ဦးသန်းအောင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စာကြည့်တိုက်မှူးများ တက်ရောက်ကြသည်။
အစီအစဉ်အရ သဘာပတိ မြန်မာ နိုင်ငံ စာကြည့်တိုက်အသင်းဥက္ကဋ္ဌ ဦးသန်းအောင်က ယနေ့ဖတ်ကြားမည့် စာတမ်းရှင်များနှင့် မိတ်ဆက်ပေးသည်။
ယင်းနောက် စာတမ်းရှင် မြန်မာနိုင်ငံစာကြည့်တိုက်အသင်း အထွေထွေ အတွင်းရေးမှူး(၁) ဒေါ်မြတ်စန်းငြိမ်း က ''၂၁ ရာစုတွင် အရေးပါလာသော စာကြည့်တိုက်မှူး၏ အခန်းကဏ္ဍ''စာတမ်းနှင့် မြန်မာနိုင်ငံစာကြည့် တိုက်အသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်အဝင်း က ''စာကြည့်တိုက်များ စဉ်ဆက် မပြတ်တိုးတက်ရှင်သန်မှု'' စာတမ်း တို့ကို ဖတ်ကြားကြပြီး တက်ရောက်လာကြသူများနှင့် အပြန်အလှန် ဆွေးနွေးမေးမြန်းဖြေကြားကြသည်။
ထို့နောက် စာကြည့်တိုက် ပညာရှင် များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စာကြည့်တိုက်မှူးများက အဖွဲ့ လေးဖွဲ့ခွဲကာ စာကြည့်တိုက်များတွင် လက်တွေ့ဆောင်ရွက်ရသည့် လုပ်ငန်းအားသာချက်၊ အားနည်းချက်များကို ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံစာကြည့် တိုက်မှူးများ ညီလာခံကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးညွန့်ဆွေက ဖောင်ဒေးရှင်း ဖွဲ့စည်းဆောင်ရွက် ထားရှိမှုအခြေအနေ၊ ညီလာခံကျင်းပ ရခြင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြော ကြားသည်။
ဆက်လက်၍ အဖွဲ့လေးဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးချင်းစီက မိမိ တို့အဖွဲ့၏ ထင်မြင်ယူဆချက်၊ လိုအပ် ချက်များ၊ အကြံပြုချက်များကိုဆွေးနွေး တင်ပြကြသည်။
ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက် များဖောင်ဒေးရှင်း ဗဟိုအလုပ် အမှုဆောင် ဦးမောင်မောင်ဦး(ဟိန်း လတ်)၊ စာကြည့်တိုက်ပညာရှင် ဦးတင် မောင်လွင်၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်အဝင်း၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း အထွေထွေ အတွင်းရေးမှူး(၁)ဒေါ်မြတ်စန်းငြိမ်းနှင့် စာကြည့်တိုက် ပညာရှင် ဒေါ်မိုးမိုးစိုးတို့က အဖွဲ့ လေးဖွဲ့၏ ဆွေးနွေးတင်ပြအကြံပြု ချက်များကို ပြန်လည်သုံးသပ်ဆွေးနွေး ပြောကြားကြသည်။
ယင်းနောက် မြန်မာနိုင်ငံစာကြည့် တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်က နိဂုံးချုပ်အမှာစကား ပြောကြားကာ ဒုတိယအကြိမ် မြန်မာ နိုင်ငံစာကြည့်တိုက်မှူးများ ညီလာခံ ကျင်းပပြီးစီးသည်။
(သတင်းစဉ်)

No comments:

Post a Comment