Tuesday, March 3, 2015

အိမ်နီးချင်းနိုင်ငံများအထိ ဈေးကွက်ကျယ်ပြန့်နေသည့် ဖျာပုံမြို့မှအသင့်စားမြန်မာ့ငါးနှပ်ခြောက်




ဖျာပုံ မတ် ၂


မြန်မာ့ယဉ်ကျေးမှုတွင် ဒေသတစ်ခုမှ ဒေသတစ်ခုသို့ ခရီးသွားကြသည့်အခါ မိမိတို့ဒေသမှ ထွက်ရှိသည့် ပစ္စည်းများကို တန်ဖိုးနည်းသည် ဖြစ်စေ၊ များသည်ဖြစ်စေ အမှတ်တရအဖြစ် လည်းကောင်း၊ ခင်မင်ရင်းနှီးမှု ကို ရှေးရှု၍လည်းကောင်း၊ ဂါရဝ ပြုရန်နှင့် လှူရန်သော်လည်းကောင်း လက်ဆောင်ပေးသည့် ဓလေ့မှာ ရှေးမဆွကပင် မြန်မာတို့ကျင့်သုံး ဆောင်ရွက်လာခဲ့ကြသည့် အစဉ်အလာတစ်ခုပင်ဖြစ်သည်။
ဥပမာ မန္တလေးရောက်လျှင် ထိုးမုန့်လမုန့်၊ နေပြည်တော်ပျဉ်းမနား ရောက်လျှင် မျှစ်ချဉ်၊ ပုသိမ်ရောက်လျှင် ဟာလဝါ၊ ဖျာပုံရောက်လျှင် ရွှေပုစွန်ခြောက်နှင့် ငါးခြောက်မျိုးစုံ တို့ကို အမှတ်တရလက်ဆောင်အဖြစ် ဝယ်ယူပေးကမ်းလှူဒါန်းလေ့ရှိကြသည်။
အခြေအနေ အမျိုးမျိုးကြောင့် ဒေသတိုင်းတွင် လက်ဆောင်ပေးရန် ပစ္စည်းများ ဈေးနှုန်းမြင့်မားလျက် ရှိနေကြသည်။ လက်ဆောင်ပစ္စည်းများတွင် မျက်နှာပန်းအလှဆုံးကတော့ ဖျာပုံရွှေပုစွန်ခြောက်ဖြစ်သည်။ ဖျာပုံရွှေပုစွန်ခြောက်များမှာ ပြည်တွင်း ဈေးကွက်တွင်မကဘဲ ပြည်ပဈေးကွက် အထိပါ ရောင်းလိုအားထက် ဝယ်လို အားကောင်းသဖြင့် အဆများစွာ ဈေးနှုန်းမြင့်မားလျက်ရှိသည်။
ဖျာပုံဈေးကွက်တွင် ရေချိုရွှေပုစွန် ခြောက်ဈေးမှာ တစ်ပိဿာ ကျပ် ၁၂ဝဝဝ မှ ကျပ် ၄၅ဝဝဝထိ ဈေးမြင့်နေ၍ ဆွေမျိုးနှင့်တရင်းတနှီးရှိသူမှအပ သာမန်ခင်မင်သူများ ရွှေပုစွန်ခြောက် လက်ဆောင်ပေးရန် ခက်ခဲနေကြသည်။ ယခုအခါရွှေပုစွန် ခြောက်နေရာတွင် ပေါ့ပေါ့ပါးပါးဖြင့် ဈေးနှုန်းလည်းနည်း၊ သယ်ယူမှု လည်းလွယ်ကူပြီး ရေနွေးကြမ်းနှင့် စားစား၊ ထမင်းနှင့်စားစား အဆင်ပြေ အရသာရှိသည့် အသင့်စားငါးနှပ် ခြောက်ကင်ဘူးနှင့် အထုပ်များကို ဖျာပုံမြို့တွင် လုပ်ငန်းရှင် ၁၅ ဦးခန့် က တီထွင်ထုတ်လုပ်ပေးကြသည့်အတွက် လက်ဆောင်ပေးရန်နှင့် ရုံးသူရုံးသား၊ အလုပ်သမားတို့ ထမင်းချိုင့်များယူဆောင်ရာတွင် လွယ်ကူအဆင်ပြေလျက်ရှိသည်။
အသင့်စားငါးနှပ်ခြောက်လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးက မြန်မာ့ပင်လယ်ပြင်မှ ဖမ်းယူရရှိသည့် ငါးနှပ်များကို ခေါင်း၊ အမြီးနှင့် ဆူးတောင်များ ဖြတ်တောက်ခြင်း၊ (အငန်ဓာတ်)ပင်လယ်နံ့၊ ပင်လယ် ရေဓာတ်ကြွင်းများ မကျန်အောင် ရေဆေးခြင်း၊ ပျမ်းမျှလေးနာရီခန့် နေလှန်းအချောပြုပြင်ခြင်း၊ အချောပြုပြင်ပြီးငါးခြောက်များကို ပြုပြင်တီထွင်ထားကာ(ကင်ဖို)တွင် အပူလှိုင်းဖြတ်သန်းစေ၍ ကင်ခြင်းစသဖြင့် လုပ်ငန်းအဆင့်ဆင့်ဆောင် ရွက်ရကြောင်း ရှင်းလင်းပြောပြသည်။
အသင့်စားငါးနှပ်ခြောက်ဘူးနှင့် အထုပ်များကို ဖျာပုံဈေးကွက်တွင် ၁ဝဝ ဂရမ်တစ်ဘူးကျပ် ၁၄ဝဝ၊ ၁ဝဝ ဂရမ် တစ်ထုပ်ကျပ် ၁၂ဝဝ၊ ၅ဝ ဂရမ်တစ်ထုပ် ကျပ် ၆၅ဝ နှင့် လေးကျပ်ခွဲသားတစ်ထုပ်ကျပ် ၅၅ဝ ရောင်းချလျက်ရှိပြီး ဈေးကွက်လိုအပ်ချက်အရ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မြဝတီ၊ မူဆယ်၊ လားရှိုး၊ မိတ္ထီလာ၊ ကျောက်ဆည်၊ ပုသိမ်၊ ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း၊ ပြည်၊ မုံရွာ၊ ပျော်ဘွယ်၊ ပခုက္ကူမြို့များ အပြင် တရုတ်၊ ယိုးဒယား၊မလေးရှား၊ စင်ကာပူစသည့် အိမ်နီးချင်းနိုင်ငံ များထိ တင်ပို့နေရကြောင်း၊ ထုတ်လုပ်နိုင်မှုထက်မှာယူမှုများနေသည့်အတွက် လုပ်ငန်းရှင်တို့ အလှည့်ကျ တင်ပို့နေရကြောင်း အဏ္ဏဝါဇော် ငါးနှပ်ခြောက်လုပ်ငန်းမှ သိရသည်။
ပုစွန်ခြောက်ဈေး အဆမတန်မြင့်မားနေချိန်တွင် အဖိုးနည်းဝန်ပါ စားသုံးလို့ကောင်းပြီး သယ်ယူမှုလွယ်ကူသည့် အသင့်စားငါးနှပ်ခြောက်ဘူးနှင့် အထုပ်များအား လက်ဆောင်ပေးခြင်း ဖြင့် ဖျာပုံမြို့၏ ဒေသထွက်ကုန် လုပ်ငန်းမြင့်မားအောင် ကြိုးစားကြပါစို့။ အောင်ဝင်း(ဖျာပုံ)

No comments:

Post a Comment