Wednesday, March 4, 2015

ချီလီနိုင်ငံတောင်ပိုင်းရှိ ဗီလာရီကာမီးတောင် ပေါက်ကွဲ ကျေးရွာများ ဘေးကင်းရာရွှေ့ပြောင်းခဲ့ရ




ဆန်တီယာဂို မတ် ၃

မတ် ၃ ရက်အစောပိုင်းက ချီလီနိုင်ငံတောင်ပိုင်းရှိ ဗီလာရီကာမီးတောင် ပေါက်ကွဲခဲ့ရာ ပြာနှင့်ချော်ရည်များ ကောင်းကင်ယံသို့ မှုတ်ထုတ်မှုကြောင့် အနီးဝန်းကျင်ရှိ လူများအား ဘေးကင်းရာရွှေ့ပြောင်းခဲ့ရကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
မြို့တော်ဆန်တီယာဂို၏တောင်ဘက် ကီလိုမီတာ ၇၅ဝ (၄၆ဝ မိုင်)ဝန်းကျင်ရှိ ကမ္ဘာလှည့်ခရီးသွားများ နှစ်သက်ရာ အပန်းဖြေစခန်း ပူကွန်မြို့အနီးတည်ရှိ သော ဗီလာရီကာမီးတောင်မှာ တောင်အမေရိကတိုက်၏ လှုပ်ရှားမှုအများဆုံးမီးတောင်များအနက် တစ်လုံးဖြစ်ပြီး နောက်ဆုံးပေါက်ကွဲမှုမှာ ၂ဝဝဝ ခုနှစ်ကဖြစ်သည်။ ရုပ်မြင်သံကြားပြကွက်များတွင် မီးတောင်မှာ အရုဏ်တက်ချိန်အထိ လှုပ်ရှားမှုမရှိသော်လည်း ဒေသစံတော်ချိန် နံနက် ၃ နာရီခန့်တွင် ပေါက်ကွဲခဲ့ပြီး လိမ္မော်ရောင် ချော်ရည်များနှင့် ပြာများကို ကောင်းကင်သို့ ပန်းထွက်နေပုံ ပြသနေသည်။ ကြိုတင်ကာကွယ်မှုတစ်ခုအနေဖြင့် ဒေသခံပြည်သူ ၃၃၈၅ ဦးအား ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီး ရော့ဒရီဂိုပင်နေလီလိုက ပြောကြားသည်။
ချီလီအစိုးရက အခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးရန်အတွက် မတ် ၃ ရက် နံနက်တွင် ရဲနှင့် စစ်ဘက်တာဝန်ရှိသူများ သမ္မတနန်းတော်၌ အရေးပေါ်အစည်းအဝေး တစ်ရပ်ကျင်းပခဲ့သည်။ ပစိဖိတ်မီးတောင်နှုတ်ခမ်းဝတွင် တည်ရှိနေသော ချီလီနိုင်ငံမှာ လှုပ်ရှားနိုင်ခြေရှိသည့် မီးတောင် ၅ဝဝ အပါအဝင် အင်ဒိုနီးရှားနိုင်ငံပြီးနောက် မီးတောင်များ အများဆုံးရှိသည့် ကမ္ဘာ့ဒုတိယမြောက်နိုင်ငံ ဖြစ်သည်။ ၂ဝ၁၁ ခုနှစ်ကလည်း ပူရီဟူမီးတောင်မှ လေထုထဲ မှုတ်ထုတ်လိုက်သည့် ပြာထုကြောင့် အိမ်နီးချင်း အာဂျင်တီးနားနိုင်ငံတွင် လေကြောင်းခရီးစဉ်များ လပေါင်းများစွာကြာ နှောင့်ယှက်ခဲ့သည်။ နောက်လာမည့် အခြေအနေများကို စိစစ်တွက်ချက်ရန် ကျွမ်းကျင်သူများ ဗီလာရီကာနယ်မြေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပင်နေလီလိုက ဆိုသည်။ ရိုက်တာ။

No comments:

Post a Comment