အဘူဂျာ မတ် ၃
နိုင်ဂျီးရီးယားနိုင်ငံမှ ဘိုကိုဟာရမ်စစ်သွေးကြွများသည်
အမျိုးသားနှစ်ဦးကို သူလျှိုလုပ်သည်ဟူသောစွပ်စွဲချက်ဖြင့်
ခေါင်းဖြတ်သတ်ဖြတ်သည့် ဗီဒီယိုကို အွန်လိုင်းပေါ်သို့ တင်လိုက်ခြင်းဖြင့်
အစ္စလာမ္မစ်နိုင်ငံထူထောင် ရေးအဖွဲ့ (အိုင်အက်စ်)တို့၏လမ်းစဉ်ကဲ့သို့
ပြုမူလုပ်ဆောင် လာကြပြီဖြစ်သည်။
မတ် ၂ ရက်က ထွက်ပေါ်ခဲ့သည့်
ဗီဒီယိုတွင် အမျိုးသားနှစ်ဦးကို လက်ပြန်ကြိုးတုပ်ကာ
ဒူးထောက်ထိုင်ခိုင်းထားပြီး ၎င်းတို့နောက်တွင် ဘိုကိုဟာရမ်စစ်သွေးကြွ တစ်ဦးက
ဓားကိုင်ထားသည်ကို တွေ့ရသည်။ ဒူးထောက်ထားသည့် အမျိုးသားတစ်ဦးက
စစ်သွေးကြွအဖွဲ့နှင့် ပတ်သက်ပြီး သူလျှိုလုပ်သည့်အတွက်
ပေးဆပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်ကိုတွေ့ခဲ့ရပြီးနောက် အဆိုပါ
အမျိုးသား၏ခေါင်းပြတ်ကို ပြသသွားခဲ့သည်။ ယင်းဗီဒီယို သည် အစစ်အမှန် ဟုတ်၊
မဟုတ်နှင့် မည်သည့်နေ့ရက်က သတ်ဖြတ်ခဲ့သည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယင်းဗီဒီယိုပြကွက်များမှာ အိုင်အက်စ်စစ်သွေးကြွများ ခေါင်းဖြတ်သတ်ဖြတ်သည့် ဗီဒီယိုပြကွက်များကဲ့သို့ တူညီသောအချက်များတွေ့ရကြောင်း နိုင်ငံတကာအကြမ်းဖက်မှုများ လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားသည်။ ဘိုကိုဟာရမ်စစ်သွေးကြွများကလည်း ၎င်းတို့အနေဖြင့် အိုင်အက်စ်စစ်သွေးကြွများနှင့် ပူးပေါင်းသွားဖွယ်ရှိကြောင်း လွန်ခဲ့သည့်လက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။ နိုင်ဂျီးရီးယားသမ္မတ ဂွတ်လပ် ဂျိုနသန်က ဘိုကိုဟာရမ်စစ်သွေးကြွများနှင့် အယ်လ်ခိုင် ဒါရော အိုင်အက်စ်တို့နှင့်ပါ မဟာမိတ်ပြုထားကြောင်း ပြောကြားထားသော်လည်း ယင်းအဖွဲ့ကိုယ်တိုင်က အတည်ပြုပြောကြားခြင်းမရှိသေးပေ။
ဘိုကိုဟာရမ်စစ်သွေးကြွများသည်လည်း အစ္စလာမ္မစ် နိုင်ငံထူထောင်ရန် ကြိုးပမ်းလျက်ရှိပြီး လူထောင်ပေါင်းများစွာသတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်းများ ပြုလုပ်ခဲ့သည်။ ယင်းအဖွဲ့သည် လွန်ခဲ့သည့်လများအတွင်း ကင်မရွန်း၊ ချဒ်နှင့် နိုင်ဂျာနိုင်ငံနယ်စပ်တို့ကို ကျူးကျော်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ သည်ဂါးဒီးယန်း။

No comments:
Post a Comment