ဂုဏ်ပြုရမည့် ကျေးဇူးရှင်များ
လူ့သမိုင်းအဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာပုံတို့ကို ပြန်ကြည့်မည်ဆိုပါက
စက်မှုထွန်းကားလာခြင်း၊ အတတ်ပညာ၊ နည်းပညာမြင့်မားတိုးတက်လာ
ခြင်းတို့ကြောင့်ဖွံ့ဖြိုးတိုးတက်လာခြင်းဟု ယတိပြတ် မဆိုနိုင်ချေ။
အမှန်တွင် လူ့သမိုင်းစတင်ဖွံ့ဖြိုးတိုးတက်လာခြင်းသည်
လူတို့အတွက်မရှိမဖြစ် လိုအပ်သည့် အရေးသုံးပါးအနက် စားရေးတည်းဟူသော
စားနပ်ရိက္ခာတို့ကို အဆင့်ဆင့်တိုးတက်
လုပ်ကိုင်နိုင်ခဲ့သောကြောင့်ဖြစ်ပါသည်။
လူသားများအသက်ရှင်ရပ်တည်နေထိုင်နိုင်ရေးအတွက် လိုအပ်သော စားနပ်ရိက္ခာများကို
တောင်သူလယ်သမားဦးကြီးများက ရှေးဦးကာလကပင် လယ်ယာမြေများတွင်
ရုန်းကန်လှုပ်ရှား လုပ်ကိုင်ခဲ့ကြသည်မှာ ယနေ့ထက် တိုင်ဖြစ်သည်။ ထို့ကြောင့်
တောင်သူလယ်သမားဦးကြီးများကို လူသားများ၏ အသက်သခင်ကျေးဇူးရှင်ဟု
တင်စားခေါ်ဆိုချင်ပါသည်။
လူသားများအနေဖြင့်
တောင်သူလယ်သမားကြီးများအား အစဉ်သဖြင့် ဂုဏ်ပြုကျေးဇူးတင်ကြရပေမည်။ ထိုသို့
ဂုဏ်ပြုကျေးဇူးတင်အပ်သည် ဆိုရာ၌ မြန်မာနိုင်ငံတွင် နှစ်စဉ် မတ်လ ၂
ရက်(ယနေ့)သို့ရောက်တိုင်း အဆိုပါ တောင်သူလယ်သမားဦးကြီးများအား
ဂုဏ်ပြုသောအားဖြင့် တောင်သူလယ်သမားနေ့ကို ကျင်းပလေ့ရှိပါသည်။
တောင်သူလယ်သမားနေ့တွင် တောင်သူလယ်သမားဦးကြီးများအား ဂုဏ်ပြုခြင်းသည်
မြန်မာနိုင်ငံ သားအားလုံးကိုယ်စား ကျေးဇူးတင်အသိအမှတ်ပြုခြင်းလည်း
မည်ပေသည်။
မြန်မာနိုင်ငံ၏လူဦးရေသည် ၁၉ ရာစုခေတ်က ၁ဝ
သန်းကျော်သာရှိသော် လည်း ယခု ၂၁ ရာစုခေတ်တွင် လူဦးရေ သန်းပေါင်း ၅ဝ
ကျော်ရှိနေလေပြီ။ တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာသော လူဦးရေအတွက်
စားနပ်ရိက္ခာ များကို ဖြည့်ဆည်းပေးနေသည်မှာ
တောင်သူလယ်သမားဦးကြီးများပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေအများစုမှာ
ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးရေးလုပ်ငန်းများဖြင့်
အဓိကအသက်မွေးဝမ်းကျောင်းပြုကြပါသည်။
လယ်ယာစိုက်ပျိုးသူများနှင့်
ပြည်သူပြည်သားများ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ
အပြန်အလှန်ကျေးဇူးပြုသောအားဖြင့် တောင်သူလယ်သမားဦးကြီးများအား
ပြည်သူပြည်သားများကိုယ်စား နိုင်ငံတော်က လိုအပ်သည်များကို ကူညီပံ့ပိုးပေး
လျက်ရှိပါသည်။ စိုက်ပျိုးရေးအတွက် အဓိကလိုအပ်သော စိုက်ပျိုးရေရရှိစေရန်
ဆည်မြောင်းတာတမံများကို နိုင်ငံအနှံ့တည်ဆောက်ပေးပြီး ဖြည့်ဆည်းပေးပါသည်။
စိုက်ပျိုးရေးလုပ်ငန်းအတွက် နှစ်စဉ်လိုအပ်သည့် အရင်းအနှီးဖြစ်သော
စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိပါသည်။ စပါးအထွက်
တိုးရေးအတွက် နည်းပညာနှင့် အထွက်တိုးနည်းနှင့်ပစ္စည်းများကို
ကူညီပေးလျက်ရှိသည့်အပြင် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေး
အတွက်လည်း လိုအပ်သော လယ်ယာသုံးစက်ကိရိယာနှင့် ပစ္စည်းများကို အရစ်ကျ
ရောင်းချပေးလျက်ရှိသည်ကို တွေ့ရပါသည်။
ထို့အပြင်
တောင်သူလယ်သမားဦးကြီးများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက် ရေးအတွက်
ကျေးလက်ဒေသဖွံ့ဖြိုးရေးကို နိုင်ငံတော်က လုပ်ငန်းစဉ်(၈) ရပ်ချမှတ်၍
ထိထိရောက်ရောက် အကောင်အထည်ဖော်ပေးနေပါသည်။ ကျေးလက်ဒေသများ
လမ်းပန်းဆက်သွယ်ရေး၊ မီးလင်းရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ပညာရေး၊
ကျန်းမာရေး၊ စီးပွားရေးစသည်ဖြင့် အဘက်ဘက်က တိုးတက်လာအောင် စဉ်ဆက်မပြတ်
အကောင်အထည်ဖော် ပေးလျက်ရှိရာ ယခုအခါ ကျေးလက်ဒေသအများစု ယခင်နှင့်မတူ
ဖွံ့ဖြိုး တိုးတက်နေသည်ကို တွေ့ရပါသည်။
မြန်မာနိုင်ငံသည်
လယ်ယာစိုက်ပျိုးရေးကို အဓိကအားထားသော နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံ၏
ပြည်တွင်းအသားတင်ထုတ်လုပ်မှုတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှ
အများဆုံးဖြစ်ပါသည်။ ပြည်တွင်းစားနပ် ရိက္ခာလိုအပ်ချက်ကို
ဖြည့်ဆည်းပေးနေရုံသာမက ပြည်ပသို့တင်ပို့ရောင်းချခြင်းဖြင့်
နိုင်ငံခြားဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနေသောလုပ်ငန်း ဖြစ်ပါသည်။
ထို့ကြောင့် တိုင်းပြည်ဝင်ငွေတိုးတက်ရရှိရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက်
အဓိကအရင်းအမြစ်ဖြစ်သော လယ်ယာလုပ်သားများ ဖွံ့ဖြိုးရေး တစ်နည်းအားဖြင့်
တောင်သူလယ်သမားဦးကြီးများဘဝ မြင့်မားတိုးတက်ရေးကို
စဉ်ဆက်မပြတ်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါသည်။ ။
No comments:
Post a Comment