ချစ်ကြည်လေးစားအပ်ပါသော တောင်သူလယ်သမားကြီးများခင်ဗျား-
ယနေ့အချိန်အခါသမယသည် နိုင်ငံတော်တစ်ဝန်းလုံးရှိ တောင်သူလယ်သမားများအား
အထူးအလေးအနက်ဂုဏ်ပြုသတ်မှတ်ထားရှိသည့်
သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ဤကဲ့သို့အစဉ်အလာကြီးမား သော
မင်္ဂလာရက်မြတ်အချိန်အခါသမယတွင် တောင်သူလယ်သမားများ အားလုံးကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာခြင်းအပေါင်းနှင့် ပြည့်စုံကြလျက်
ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံကြပြီး လယ်ယာစိုက်ပျိုးရေး
လုပ်ငန်းများ ဆတက်ထမ်းပိုး ပိုမိုတိုးတက်ဖြစ်ထွန်းအောင်မြင်ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
ယနေ့အချိန်ကာလသည်
မိမိတို့ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပြည်သူလူထုမှ
ကိုယ်တိုင်ပါဝင်ဆန္ဒပြုကြပြီး ရွေးချယ်တင်မြှောက်ခဲ့သော ပါတီစုံ
ဒီမိုကရေစီစနစ်အရ ၂ဝ၁၁ ခုနှစ် မတ်လ ၃ဝ ရက်နေ့မှ စတင်ဖွဲ့စည်းပြီး
တာဝန်ယူခဲ့သည့် အစိုးရသစ်၏ သက်တမ်းကာလ လေးနှစ်ပြည့်မြောက်သော အချိန်အခါသို့
ချင်းနင်းဝင်ရောက်နေပြီဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့်
အဓိကရည်မှန်းချက် တာဝန်ဖြစ်သော တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့်
လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို
ဦးတည်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ လေးနှစ်တာကာလအတွင်း ရေရှည်
အမျိုးသားရေးအကျိုးစီးပွားကို ရှေးရှု၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးနှင့်
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းတာဝန်များအား လုပ်ငန်းစဉ် (၈)ရပ်
ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပါသည်။ နိုင်ငံ၏လူဦးရေ ၇ဝ ရာခိုင်နှုန်းသော
ကျေးလက်နေ တောင်သူလယ်သမားများ၏
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထားပြီး တစိုက်မတ်မတ်
ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ ထင်ရှားမြင်သာသောအောင်မြင်မှုများ အထိုက်အလျောက်
ရရှိခဲ့ပြီးဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည်
တောင်သူလယ်သမားထုအား ကိုယ်စားပြုသော လယ်ယာကဏ္ဍကို အဓိကအားထားနေရသည့်
စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ
တောင်သူလယ်သမားများ အတွက် စိုက်ပျိုးစရိတ်အရင်းအနှီးအထောက်အကူဖြစ်စေရန်
သင့်တင့်သောချေးငွေများအကူအညီပေးရေး၊ လယ်ယာထွက်ကုန်များ ရောင်းချရာတွင်
သင့်တင့်မျှတသောဈေးနှုန်းနှင့် ခိုင်မာသောဈေးကွက်ရရှိရေး၊
နည်းပညာသွင်းအားစုနှင့် ထုတ်လုပ်မှုလုပ်ငန်းများ လွယ်ကူအဆင်ပြေစေရေး၊
သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်နစ်နာ မှုများအတွက်
အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးနိုင်ရေးနှင့် လုပ်ကွက်ငယ်
တောင်သူလယ်သမားများ အကျိုးငှာ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့်
အကျိုးစီးပွားမြှင့်တင်ရေးဥပဒေနှင့် နည်းဥပဒေများအား ရေးဆွဲအတည်ပြု
ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။
ယခင်က သဘာဝမိုးရေကိုသာ မှီခိုအားထားပြီး
စိုက်ပျိုးကြရသည့် လယ်မြေများကို ဆည်ရေသောက်စနစ်များ
တည်ဆောက်ပေးနိုင်ခြင်းအားဖြင့် မူလက တစ်သီးပင်လျှင် မသေချာသည့်အခြေအနေမှ
သီးထပ်သီးညှပ်များ ပိုမို တိုးတက်စိုက်ပျိုးနိုင်ကြမည်ဖြစ်သည့်အတွက်
လယ်ယာကဏ္ဍမှ အလုပ်အကိုင်အခွင့်အလမ်းများနှင့် တောင်သူလယ် သမားများ၏
ဝင်ငွေပိုမိုတိုးတက်ဖြစ်ထွန်းလာနိုင်မည်ဖြစ်ပါသည်။
ယခင်
အစိုးရအဆက်ဆက်ကာလ ရင်းနှီးမြှုပ်နှံအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ဆည်တာတမံ
ကြီးများ၊ မြစ်ရေတင်စီမံကိန်းကြီးများ၊ ပိုမို၍ထိရောက်အကျိုးရှိစွာ
ရေရှည်အသုံးပြုနိုင်ရေးအတွက် ထိန်းသိမ်းမွမ်းမံ လုပ်ဆောင်ခြင်းအပါအဝင်၊
မပြီးပြတ်သေးသော စီမံကိန်းလုပ်ငန်းကြီးများ၊ ရေပေးမြောင်းစနစ်များအား
ရာနှုန်းပြည့် ပြီးစီးရေးအတွက် မျက်ခြည်မပြတ် မူလစီမံကိန်းအတိုင်း
ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် မိရိုးဖလာစနစ်
လယ်ကွက်ငယ်များကို ခေတ်မီအဆင့်မြင့် စက်မှုလယ်ယာစနစ် ဧကကွက်၊ ဟက်တာ
ကွက်များအဖြစ်သို့ လယ်ယာမြေအဆင့်မြှင့်တင်
ဖော်ထုတ်ကူးပြောင်းပေးနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ ဖြစ်သည့်
နေပြည်တော်ကောင်စီနယ်မြေကို ဗဟိုပြုပြီး ပြည်ထောင်စုတစ်ဝန်းလုံး
ပျံ့နှံ့အကောင်အထည်ဖော်နိုင်ရေးအတွက် ရေတိုရေရှည်စီမံကိန်းများ
ရေးဆွဲကြိုးပမ်းလျက် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ဖော်ဆောင်ပေးလျက်ရှိနေ
ပါသည်။
စိုက်ပျိုးသီးနှံများ၏ အရည်အသွေးနှင့် တစ်ဧကအထွက်နှုန်း
ပိုမိုတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေး ပညာရှင်များအနေဖြင့်
သိပံ္ပနည်းကျစိုက်ပျိုးနည်းစနစ်များ တီထွင်ကြံဆပြီး၊ တောင်သူလယ်သမားများ၏
လက်ဝယ်အရောက် လေ့ကျင့်ပညာပေးခြင်းလုပ်ငန်းများအား
တောင်သူလယ်သမားများနှင့်အတူ လက်ချင်းတွဲပြီး ကြိုးပမ်း ဆောင်ရွက်နေကြသည်မှာ
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ကောင်းများ အခိုင်အမာ
တည်ဆောက်ပေးနေခြင်းဖြစ်ပါသည်။
နိုင်ငံနှင့်အဝန်း မြို့နယ်တိုင်း၊
ကျေးရွာတိုင်းတွင် တောင်သူပညာပေး စံနမူနာပြစိုက်ကွင်းများ
ထူထောင်စိုက်ပျိုး ပြသပြီး တစ်နိုင်ငံလုံးပျံ့နှံ့အောင်
အကောင်အထည်ဖော်ခြင်းလုပ်ငန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင်
တစ်ချိန်တည်း တစ်ပြိုင်တည်း ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ပါသည်။
နိုင်ငံတော်၏ အဓိက စားသုံးသီးနှံဖြစ်သော စပါးသီးနှံအပါအဝင်
ဝင်ငွေရသီးနှံအမယ်အလိုက် အရည်အသွေးများ တိုးတက်မြင့်မားရေးနှင့်
တစ်ဧကအထွက်နှုန်းများ ထိထိရောက်ရောက် တိုးတက်လာစေရေးအတွက်
စိုက်ပျိုးရေးပညာရှင်များ၏ အဆင့်မြင့် ခေတ်မီနည်းပညာစွမ်းအားဖြင့်
စပ်မျိုးစပါး၊ စပ်မျိုးပြောင်း၊ စပ်မျိုးနေကြာ၊ စပ်မျိုးဟင်းသီးဟင်းရွက်
မျိုးစေ့များကို ခေတ်မီမျိုးစေ့ထုတ်နည်းပညာဖြင့် ကျယ်ကျယ်ပြန့်ပြန့်
ထုတ်လုပ်ဖြန့်ဖြူးပေး နိုင်ရေးအတွက်
အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိနေပါသည်။
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်သော
မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးလုပ်ငန်းကို
ပုဂ္ဂလိကအခန်းကဏ္ဍမှ ပိုမိုတိုးတက်ပါဝင်ဆောင်ရွက်လာလျက်ရှိနေသည် မှာ
တောင်သူလယ်သမားများအတွက် အလားအလာကောင်းများအဖြစ်
အားရဖွယ်မြင်တွေ့နေရပြီဖြစ်ပါသည်။
စိုက်ပျိုးရေးထွက်ကုန်များ
ဈေးကောင်းရရှိရေးနှင့် အခြေခံစိုက်ပျိုးထုတ်လုပ်ကြသည့် တောင်သူလယ်သမားများ
ဝင်ငွေတိုးတက်ရရှိနိုင်ရေးအတွက် အဓိက အခြေခံလိုအပ်ချက်ဖြစ်သည့်
ခိုင်မာသောဈေးနှုန်းဖြင့် ရောင်းချနိုင် မည့် ပြည်တွင်း၊ ပြည်ပဈေးကွက်နေရာ
ရရှိနိုင်ရေးအချက်အပေါ်တွင် ယခင်က စိုက်ပျိုးရေးထုတ်ကုန်သီးနှံများကို
ကုန်ကြမ်းအဆင့်အနေဖြင့်သာ တင်ပို့ရောင်းချခဲ့သည့် အနေအထားမှ
တန်ဖိုးမြင့်ထုတ်ကုန် ကုန်ချောများအဖြစ်သို့ အဆင့်မြှင့်တင်ထုတ်လုပ်ပြီး
နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့ရောင်းချနိုင်ရေးအတွက်
ခေတ်မီအဆင့်မြင့် ဆန်စက်နှင့် ဆီစက်များ၊ အဆင့်မြင့်
သစ်သီးဝလံသန့်စင်စက်နှင့် ခေတ်မီထုပ်ပိုးစက်များဖြင့်
ထုတ်လုပ်တင်ပို့ရောင်းချ နိုင်ရေး လုပ်ငန်းစဉ်ကိုလည်း
အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိနေပြီဖြစ်ပါသည်။
နိုင်ငံနှင့်အဝန်း
ကျယ်ပြန့်စွာ ဖြန့်ကြက်တည်ရှိနေထိုင်နေကြသည့် လူများစုဖြစ်သော လုပ်ကွက်ငယ်
တောင်သူလယ်သမားများ၏အားကို လယ်ယာထုတ်ကုန်
သမဝါယမအသင်းအဖွဲ့များဖွဲ့စည်းထူထောင်ပြီး ''မျိုးစေ့ချ စတင်
စိုက်ပျိုးသည့်အဆင့်''မှ
''ဈေးကွက်သို့တင်ပို့ရောင်းချသည့်အဆင့်ထိ''လုပ်ငန်းစဉ် အဆင့်အားလုံးတွင်
တောင်သူ လယ်သမားများ လက်တွေ့ပါဝင်လုပ်ဆောင်ခွင့်ရရှိပြီး
အလုပ်အကိုင်အခွင့်အလမ်းနှင့် အကျိုးကျေးဇူးများ ခံစားခွင့် ရရှိရေးအတွက်
''သမဝါယမကဏ္ဍ''မှ ထိရောက်စွာ ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသည်ကို
တွေ့မြင်ကြရမှာဖြစ်ပါသည်။
တောင်သူလယ်သမားများ ရာသီအလိုက်
တစ်ရာသီပြီးတစ်ရာသီ စိုက်ပျိုးထုတ်လုပ်ထွက်ရှိလာသော သီးနှံများအပေါ်
ခိုင်မာသောဈေးနှုန်းနှင့် ဝင်ငွေပိုမိုတိုးတက်ရရှိနိုင်မည့်
ပြည်တွင်းပြည်ပမှ ခိုင်မာသောဈေးကွက်နေရာ ရရှိရေးသည်
အခြေခံလိုအပ်ချက်တစ်ခုဖြစ်ခြင်းကြောင့် လယ်ယာထွက်ကုန်သီးနှံများကို
ဈေးပြိုင်စနစ်ဖြင့် ရောင်းချ သည့်စနစ်ဖြစ်သော နိုင်ငံတကာအဆင့်မီ
''လက်ကားဈေးကွက်'' “Wholesale Market”များ ပေါ်ပေါက်လာရေး အတွက်လည်း
စနစ်တကျ စီမံဆောင်ရွက်လျက်ရှိနေပြီဖြစ်ပါသည်။
သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော
ခေတ်မီစိုက်ပျိုးနည်းပညာများ တောင်သူလက်ဝယ်အရောက် အလွယ်တကူရောက်ရှိရေး
ပညာပေးလုပ်ငန်းအပါအဝင် သီးနှံစိုက်ပျိုးထုတ်လုပ် ရေးဆိုင်ရာ
သတင်းအချက်အလက်များဖြစ်သည့် ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များနှင့်
ဈေးကွက် ဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ
တောင်သူလယ်သမားကြီးများ သိရှိအသုံးချနိုင်ရေး အပါအဝင် တောင်သူလယ်သမားများ၏
စိတ်လက်အပန်းဖြေအနားယူမှုကို အထောက်အပံ့ဖြစ်စေမည့် လယ်ယာကဏ္ဍဆိုင်ရာ
သတင်းများ၊ ပညာပေးနှင့် ဖြေဖျော်ရေးအစီအစဉ်များ ကဏ္ဍစုံပါဝင်သော
''တောင်သူလယ်သမားကဏ္ဍ ရုပ်သံလိုင်း(Farmer Channel)}}''အစီအစဉ်ကိုလည်း
ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်ပေး လျက်ရှိနေပြီဖြစ်ပါသည်။
နိုင်ငံနှင့်အဝန်း တောင်သူလယ်သမားကြီးများကို ဂုဏ်ပြုသောအားဖြင့်
ဂီတပညာရှင်များ ရေးစပ်သီကုံးသော
တောင်သူလယ်သမားဂုဏ်ပြုတေးသီချင်းပြိုင်ပွဲများကို အစဉ်အလာမပျက်
နှစ်စဉ်ကျင်းပပြုလုပ်ပေးလျက်ရှိနေပါသည်။
ချစ်ကြည်လေးစားအပ်ပါသော တောင်သူလယ်သမားကြီးများခင်ဗျား-
လူသားတိုင်း၏ နေ့စဉ်ဘဝတွင် အဓိကလိုအပ်ချက်ဖြစ်သည့် စားရေး၊ ဝတ်ရေး၊
နေရေးဆိုင်ရာ အခြေခံ လိုအပ်ချက်များအနက် နေ့စဉ်မရှိမဖြစ်
အဓိကလိုအပ်ချက်ကြီးမှာ ''စားရေရိက္ခာနှင့် အာဟာရ''လိုအပ်ချက် ဖြစ်ပါ သည်။
ကမ္ဘာကြီး၏ အရွယ်အစားကို တိုးချဲ့ပြောင်းလဲရန် မဖြစ်နိုင်သော်လည်း
ကမ္ဘာ့လူဦးရေမှာ နေ့စဉ်တိုးတက်လျက်ရှိရာ လက်ရှိယနေ့လူဦးရေ သန်းပေါင်း ၇ဝဝဝ
ကျော်မှာ လာမည့် ၂ဝ၅ဝ ပြည့်နှစ်တွင် သန်းပေါင်း ၉ဝဝဝ
ရှိလာမည်ဖြစ်သည့်အတွက် လိုအပ်လာမည့် စားရေရိက္ခာကို
ပိုမိုတိုးတက်စိုက်ပျိုးထုတ်လုပ်ကြရမည်ဖြစ်ပါသည်။
ကမ္ဘာကြီးပူနွေးလာနေမှုနှင့် တစ်ဆက်တည်း ကမ္ဘာ့ရာသီဥတု၏ ပြင်းထန်စွာ
ပူပြင်းခြောက်သွေ့ခြင်း၊ လွန်ကဲစွာ မိုးသည်းထန်ခြင်း၊ အအေးလွန်ခြင်းကြောင့်
ဆီးနှင်းကျခြင်း၊ လေမုန်တိုင်းများ တိုက်ခတ်ခြင်း၊ ငလျင်ကြီးများ
လှုပ်ခြင်း၊ ဆူနာမီလှိုင်းများ ကျရောက်ခြင်းစသည့် သဘာဝဘေးအန္တရာယ်ကြီးများ
ကြုံတွေ့ပါက စားရေရိက္ခာ မလုံ လောက်မှုအန္တရာယ်မှ ကျော်လွှားနိုင်ရေးအတွက်
နိုင်ငံတိုင်းအလေးထား ထည့်သွင်းစဉ်းစား၍ ဆောင်ရွက်နေကြ လျက်ရှိပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည်လည်း လာမည့်မကြာတော့မည့်
နှစ်အနည်းငယ်အတွင်း တိုးပွားလာမည့် လူဦးရေသန်း ၁ဝဝ ကျော်အတွက် နိုင်ငံ၏
စားရေရိက္ခာလုံခြုံစိတ်ချမှုရှိရုံသာမက နိုင်ငံတကာဈေးကွက်သို့
ပိုမိုတိုးတက်တင်ပို့ရောင်းချနိုင်ရေး ရည်မှန်းချက်ဖြင့်
သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်တင်
အားပေးဆောင်ရွက်လျက်ရှိပါသည်။
မိမိတို့နိုင်ငံ၏ သဘာဝမြေသယံဇာတ၊
ရေသယံဇာတပေါကြွယ်ဝမှုနှင့် စိုက်ပျိုးရေးအတွက် အလွန်ကောင်း မွန်သော
သဘာဝမှပေးသည့် ရာသီဥတုအခြေအနေကောင်းများနှင့် အလွန်ရိုးသားဖြူစင်ကြပြီး
အလွန်အလုပ် ကြိုးစားကြသည့် တောင်သူလယ်သမားတို့၏ အင်အားဖြင့် လယ်ယာကဏ္ဍအပါအဝင်
နိုင်ငံတော်၏ အမျိုးသားရေး အကျိုးစီးပွားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို
အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်ကြရမည့် အချိန်အခါကောင်း
ဖြစ်ပါသည်။
အခြေအနေအချိန်အခါကောင်းကို အထိရောက်ဆုံး၊ အကျိုးရှိဆုံး၊
အသုံးချ အကောင်အထည်ဖော်ရာတွင် အိမ်နီးချင်းနိုင်ငံများအပါအဝင်
ကမ္ဘာ့နိုင်ငံများနှင့်ယှဉ်ပြိုင်ရင်ပေါင်တန်းနိုင်ရန်
ကိုယ်ကိုယ်တိုင်ကြီးပွားအောင်မြင် လိုစိတ်ဖြင့် ကိုယ်တိုင်ပါဝင်
ကြိုးစားလုပ်ဆောင်ကြရန် စိတ်ဓာတ်ပိုင်းဆိုင်ရာပြောင်းလဲခြင်း၊
ခေတ်မီဆည်ရေသောက် လယ်ယာမြေစနစ်သို့ပြောင်းလဲခြင်း၊
သမားရိုးကျလက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲခြင်း၊ မိရိုးဖလာ
မျိုးစေ့များအစား အထွက်နှုန်းကောင်းမျိုးကောင်းမျိုးသန့်မျိုးစေ့များ
ပြောင်းလဲအသုံးပြုခြင်း၊ သီးနှံစိုက်ပျိုး ချိန်မှ ရိတ်သိမ်းချိန်အထိ
လေလွင့်ဆုံးရှုံးမှုလျော့နည်းစေရေး ပညာပေးဆောင်ရွက်ခြင်း၊
ဈေးကွက်ကိုယှဉ်ပြိုင်နိုင်မည့် အဆင့်မြင့်လယ်ယာထွက်ကုန်များ၊
အဆင့်မြင်အရည်အသွေးကောင်း တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းတို့ကို
ထိထိရောက်ရောက် တိုးမြှင့်ဆောင်ရွက်နိုင်ကြမှသာလျှင် လယ်ယာကဏ္ဍကြီးတစ်ခုလုံး
ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ
အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။
ချစ်ကြည်လေးစားအပ်ပါသော တောင်သူလယ်သမားကြီးများခင်ဗျား-
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသားအားလုံးတို့၏
အခြေခံလိုအင်ဆန္ဒအစစ်အမှန်ဖြစ်သော အေးချမ်းသာယာ ပြီး
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီးအား
အရှိန်အဟုန်မြှင့်တင် တည်ဆောက်အကောင်အထည် ဖော်နိုင်ရေးအတွက်
နည်းလမ်းပေါင်းစုံဖြင့် ကြံဆရှာဖွေကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါသည်။
ပြည်ထောင်စုတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများအပါအဝင် နိုင်ငံသားအားလုံး၏
ရေရှည်အမျိုးသားရေး အကျိုးစီးပွားအတွက် ''တစ်လှေတည်းစီး၊ တစ်ခရီးတည်း
အတူသွားခရီးသွားဖော်'' များအဖြစ် ရှေ့တွင်ကြုံတွေ့ရင်ဆိုင်ကြ
ရမည့်စိန်ခေါ်မှုများနှင့် အတားအဆီးများ၊ အခက်အခဲမှန်သမျှတို့ကို ''အေးအတူတူ၊
ပူအမျှ'' အတူတကွလက်တွဲ ရင်ဆိုင်ကျော်ဖြတ်ကြပြီး
ရည်မှန်းချက်ပန်းတိုင်သို့အရောက်ချီတက်ကြပါစို့ဟု
အလေးအနက်တိုက်တွန်းအပ်ပါသည်ခင်ဗျား။
No comments:
Post a Comment