Monday, March 2, 2015

ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရမည်





 နေပြည်တော် မတ် ၁

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ကျောက်တံခါးမြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောက်တံခါးမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့တက်ရောက်၍ နယ်မြေ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ပို့ဆောင် ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြုကော်မတီများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက က မိမိတို့နိုင်ငံတွင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရှိရန် လိုအပ်ပါကြောင်း၊ ပေါင်းစပ်ညှိနှိုင်းထားသည့် အဖြေရလဒ်များကို ဝိုင်းဝန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးကဏ္ဍတာဝန်ရှိသူများနှင့် နိုင်ငံ့ဝန်ထမ်းများသည် ပြည်သူများနှင့် အမြဲထိတွေ့ ဆက်ဆံနေရမည်ဖြစ်ပါကြောင်း၊ ထိုသို့ထိတွေ့မှသာ ပြည်သူများ၏ဆန္ဒနှင့် လိုအပ်ချက်များကိုသိရှိပြီး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း။
စိတ်ကောင်း စေတနာအမှန်ဖြင့် ဆောင်ရွက်သော်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်ပါက စေတနာ အမှားများဖြစ်သွားနိုင်ပါကြောင်း၊ ထို့ကြောင့် မိမိမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းက အောင်မြင်မှုရရှိနိုင်ပါကြောင်း၊ ထို့ကြောင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကိစ္စများ ဆောင်ရွက်ရာတွင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။
နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်စေချင်သည့်ဆန္ဒသည် နိုင်ငံသားတိုင်းတွင်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အားလုံးပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါ ကြောင်း၊ လူမျိုးစွဲ၊ ဝါဒစွဲ၊ ဒေသစွဲများမထားဘဲ နိုင်ငံနှင့် နိုင်ငံသားများအတွက် အကျိုးရှိမည့်ကိစ္စဖြစ်ပါက ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ကျောက်တံခါးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုလွှတ်တော်နာယက က ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယကသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment