Tuesday, March 3, 2015

ရှမ်းပြည်နယ် ကယန်းတိုင်းရင်းသားရေးရာ ၀န်ကြီးဖလား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ





ဖယ်ခုံ မတ် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံ မြို့နယ်တွင် ကယန်းတိုင်းရင်းသား ရေးရာ ဝန်ကြီးဖလား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို မတ် ၁ ရက် ညနေ ၃ နာရီက မြို့နယ်အားကစားကွင်း ၌ ကျင်းပသည်။
အဆိုပါပွဲစဉ်တွင် ၁၂၅ (ဝမ်းတူးဖိုက်)အသင်းနှင့် နောင်လိုင် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ၁၂၅(ဝမ်းတူးဖိုက်) အသင်းက လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲ ခဲ့သည်။
ပြိုင်ပွဲအပြီးတွင် ပထမရရှိသော ၁၂၅(ဝမ်းတူးဖိုက်)အသင်းနှင့် ဒုတိယ ရရှိသော နောင်လိုင်အသင်းတို့ကို တစ်ဦးချင်း ဆုဆွဲပြားများကိုလည်း ကောင်း၊ ပွဲစဉ်တစ်လျှောက် နေရာ အလိုက်အကောင်းဆုံး အားကစား သမားဆုများကိုလည်းကောင်း၊ ဒုတိယဆုရရှိသော နောင်လိုင် အသင်းအား ငွေသားဆုကျပ် သုံးသိန်းနှင့် ပထမရရှိသော ၁၂၅ (ဝမ်းတူးဖိုက်)အသင်းအား ငွေသား ဆု ကျပ်ငါးသိန်းကိုလည်းကောင်း၊ အသန့်ရှင်းဆုံးဆုရရှိသော ဟိန်ဓမ္မ အသင်းအား ငွေသားဆုကျပ် တစ်သိန်းနှင့် ဆုဖလားကိုလည်းကောင်း တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမဆုရရှိသော ၁၂၅(ဝမ်းတူးဖိုက်) အသင်းအား တံခွန်စိုက်ဆုဖလားကို ဖယ်ခုံမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးအာဗြာဟန်က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘောလုံးပွဲစဉ်များကို ဇန်နဝါရီ ၂၁ရက်မှ မတ် ၁ရက် အထိ ကျင်းပခဲ့ပြီး ရပ်ကွက်/ ကျေးရွာများ မှ ၁၈သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်း အနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖရန်စစ္စကို၊ ဖယ်ခုံမြို့နယ် အမှတ်(၁)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးချိုစိန်၊ အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအာဗြာဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်း၊ ကယန်းပါတီဥက္ကဋ္ဌ ဦးယူဂျင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချိုနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အားကစား သမားများနှင့် ပရိသတ်များ စည်ကားသိုက်မြိုက်စွာတက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ကိုထွေး(ဖယ်ခုံ)

No comments:

Post a Comment