Monday, March 2, 2015

တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ပွဲတော် ကျင်းပ




ရန်ကုန် မတ် ၁


တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)မှ ကြီးမှူးကျင်းပသောတောင်သူလယ်သမား ဂုဏ်ပြုပွဲတော်နှင့် ကောက်သစ်စားပွဲတော်ကို ယဉ်ကျေးမှုပြပွဲနှင့်အတူ သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံ၌ မတ် ၁ ရက် မွန်းလွဲ ၂ နာရီက ကျင်းပရာ အနယ်နယ်အရပ်ရပ်မှလာရောက်ကြသော ဟိန္ဒူဘာသာဝင် တမီလ်မျိုးနွယ်စုများဖြင့် အထူးစည်ကားလျက်ရှိသည်။
၂ဝ၁၅ ခုနှစ် ပွဲတော်ကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ကပ္ပတိန် ဦးဟင်နရီ ခင်မောင်က ''တောင်သူလယ်သမားတွေကိုဂုဏ်ပြုတယ်ဆိုတာက တကယ်တမ်းတော့ မြေကိုအသုံးပြုပြီး သီးနှံကောင်းအောင် သူတို့ကပြုလုပ်ခဲ့ကြတယ်လေ။ ဒါကြောင့် ရာသီဥတုမှာမှအထူးလိုအပ်တဲ့ နေမင်းကြီးအပါအဝင် လယ်တောထဲမှာ ရုန်းကန်ခဲ့တဲ့ ကျွဲ၊ နွားတွေကို လေးစားစွာဂါရဝပြုတဲ့အနေနဲ့ ဒီလိုပြုလုပ် ပေးလိုက်တာပါ။ ကျွန်တော်တို့ မျိုးနွယ်စုအများစုကတောင်သူလယ်သမား မျိုးနွယ်စုကဆင်းသက်လာကြတာလေ။ ဒါကြောင့်တောင်သူလယ်သမားတွေကို ပြန်ပြီးဂုဏ်ပြုပေးလိုက်တာပါ။ အိန္ဒိယနိုင်ငံက တမီလ် မျိုးနွယ်စုတွေ အားလုံးဟာလည်း အိန္ဒိယနိုင်ငံ တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်း ဇန်နဝါရီ ၁၃ ၊၁၄ ၊၁၅ ၊၁၆ ရက်မှာ ပြုလုပ်ကြပါတယ်၊ မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများမှာရှိတဲ့ ဟိန္ဒူဘာသာဝင် တမီလ်မျိုးနွယ်စုအတွက်ကတော့ အလွန်အရေးကြီးတဲ့ပွဲဖြစ်ပါတယ်။ ဒီလိုနိုင်ငံခြားက အဆိုတော်တွေကို ပင့်ဖိတ်တာ ဒါပထမဆုံးအကြိမ်ပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာ အထိမ်းအမှတ်နေ့ဖြစ်တဲ့ တောင်သူလယ်သမားနေ့နဲ့လည်း တိုက်ဆိုင်နိုင်တဲ့ရက်ကို ရွေးပြီးကျင်းပတာ ဖြစ်ပါတယ်'' ဟု ဆိုသည်။
တောင်သူလယ်သမားနေ့အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနား ညနေပိုင်း အစီအစဉ်၌ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော တမီလ်ဟိန္ဒူ မျိုးနွယ်စုများအတွက် အိန္ဒိယနိုင်ငံ SIMS Hospital (Chennai) မှ Free Medical Check Up နှင့် လေယာဉ်လက်မှတ်အသွားအပြန်အတွက် Lucky Draw အစီအစဉ်များပါဝင်ကာ ကံထူးရှင် ၁ဝ ဦး၏ ပေါက်မဲနံပါတ်များအား အိန္ဒိယနိုင်ငံမှ နာမည်ကြီးအနုပညာရှင်များက ရွေးချယ်ကြေညာပေးခဲ့ပြီး ည ၉ နာရီထိဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ(စိုးဝင်း-MLA)

No comments:

Post a Comment