Monday, March 2, 2015

ရမည်းသင်းမြို့ ရွှေမြင်တင်တောင်ခြေရင်းတွင် မြန်မာ့ရိုးရာ နွားဒုန်းပြိုင်ပွဲကျင်းပ





ရမည်းသင်း မတ် ၁

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေမြင်တင်တောင်တော်မြတ်ကြီး၏ (၁၁၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်တွင် မြန်မာ့ရိုးရာ နွားဒုန်းပြိုင်ပွဲကို တောင်တော်မြတ် အနောက်မြောက်ဘက် တောင်ခြေရင်းတွင် တပေါင်းလဆန်း ၈ ရက်မှ ၁၂ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
နွားဒုန်းပြိုင်ပွဲတွင် ရမည်းသင်း မြို့နယ်၊ ပျော်ဘွယ်မြို့နယ်အစရှိသော မြို့နယ်များအတွင်းရှိ ကျေးရွာများမှ ပြိုင်ပွဲတွင် နွားဒုန်းလှည်း ၂၈ စီး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ နွားဒုန်းပြိုင်ပွဲကွင်းကို သတ်မှတ်ထားသော စံမီကွင်းဖြစ်အောင် အရှည် ကိုက် ၂၅ဝ ဆောင်ရွက်ထားသည်ဟု သိရပြီး ပြိုင်ပွဲဝင်နွား ဒုန်းလှည်းများကို အုပ်စုနှစ်စုခွဲကာ ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။ ပြိုင်ပွဲဝင် နွားဒုန်းလှည်းများအနေဖြင့် ပွဲစဉ်တစ်ပွဲ တွင် နှစ်လား နှစ်ကြိမ်မောင်းနှင် ယှဉ်ပြိုင်ရပြီး ပြိုင်ပွဲတွင် တစ်စီးနှင့် တစ်စီး နိုင်မှတ်တူနေပါက တတိယ အကြိမ် ထပ်မံယှဉ်ပြိုင်စေပြီး အဆုံးအဖြတ်သတ်မှတ်ပေးသည်။ ယင်းအပြင် ပြိုင်ပွဲဝင် နွားဒုန်းလှည်းများကို မဲစနစ်ဖြင့် ပြေးလမ်းသတ်မှတ်ပေးထားပြီး လမ်းပေါင်းလျှင် (သတ်မှတ် ထားသော ပြေးလမ်းမှားပါက)ပေါင်း သောပြိုင်ပွဲဝင် နွားဒုန်းလှည်းကို အရှုံးသတ်မှတ်သည်။ ပန်းဝင်စည်း တွင်ရှိသော မုန်းတိုင်(လျှာတိုင်)ကို ပြိုင်ပွဲဝင်နွားဒုန်းလှည်းမှ ဝင်တိုက်လျှင် လည်း ဝင်တိုက်သော နွားဒုန်းလှည်းကို အရှုံးဟု သတ်မှတ်သည်။ ထို့အပြင် တာထွက်နေရာတွင် နွားဒုန်းပြိုင်ပွဲ တာလွှတ်ဒိုင်မှ အလံမပြခင် တာထွက်သောနွားဒုန်းလှည်းကိုလည်း အရှုံးဟု စည်းကမ်းသတ်မှတ်ထားကြောင်း သိရသည်။
အောက်မြန်မာပြည်တွင် မြင်း ပြိုင်ပွဲ၊ အထက်မြန်မာပြည်တွင် ယခုကဲ့သို့နွားဒုန်းပြိုင်ပွဲများကို ယခင်က အစဉ်အလာ ရှိခဲ့သည့်အတွက် အစဉ်အလာကို ထိန်းသိမ်းစောင့် ရှောက်သည့်အနေဖြင့် ယခုကဲ့သို့ စီစဉ်ဆောင်ရွက် ကျင်းပခြင်းဖြစ်ပြီး နောင်နှစ်များတွင်လည်း နွားဒုန်းပြိုင်ပွဲ များအပြင် နွားကျောစီးပြိုင်ပွဲ၊ နွား အလှပြိုင်ပွဲများကိုလည်း ထည့်သွင်း ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း နွားဒုန်းပြိုင်ပွဲကျင်းပရေး ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။
မြန်မာ့ရိုးရာ နွားဒုန်းပြိုင်ပွဲကို မြို့နယ်အတွင်းတွင် မကျင်းပခဲ့သည် မှာ နှစ်နှစ်ဆယ်ကျော်ဝန်းကျင်ရှိပြီ ဟု သိရပြီး အစဉ်အလာပြတ်နေသော မြန်မာ့ရိုးရာ နွားဒုန်းပြိုင်ပွဲကို ယခုကဲ့သို့ ရွှေမြင်တင် တောင်တော်မြတ် တပေါင်းပွဲတော်တွင် ထည့်သွင်း ကျင်းပပေးသည့်အတွက် ဒေသခံ တောင်သူများ၊ ဝါသနာရှင်များ၊ မသိမီ ကြသည့် လူငယ်များ၊ နွားဒုန်းပြိုင်ပွဲသို့ တစ်ခဲနက် လာရောက်အားပေးကြ သည်ကို တွေ့ရပြီး ဘုရားဖူးလာ ရောက်သူလည်း များပြားလျက်ရှိ ကြောင်း သိရသည်။
(လှိုင်သန်းတင့်-ရမည်းသင်း)

No comments:

Post a Comment