Monday, March 2, 2015

တရားသဖြင့် ယှဉ်ပြိုင်မှုကိုအားပေးမည်

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်





စီးပွားရေးလုပ်ငန်းတစ်ရပ် လုပ်ကိုင်ဆောင်ရွက်ရာတွင် လက်ဝါးကြီးအုပ်စီးပွားရေးစနစ်သည် စားသုံးသူပြည်သူများ၏ အကျိုးစီးပွားကိုထိခိုက်နိုင်ပါသည်။ တစ်နည်းအားဖြင့် လက်ဝါးကြီးအုပ်စီးပွားရေးစနစ်သည် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့်ယှဉ်ပြိုင်မှုကို ထိခိုက်ပျက်ပြားစေနိုင်ပါသည်။ လူတစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ်ဆောင်ရွက်ခြင်း သို့မဟုတ် ဈေးကစားခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကိုထိခိုက် နစ်နာစေနိုင်ပါသည်။
ဤသို့ လက်ဝါးကြီးအုပ်စီးပွားရေးစနစ်ကို အဆုံးသတ်စေရန်အတွက် ပြည်ထောင်စုလွှတ်တော်က ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်စွဲဖြင့် ယှဉ်ပြိုင်မှုဥပဒေကို ပြဋ္ဌာန်းလိုက်ပြီဖြစ်ပါသည်။ ဈေးကွက်အတွင်း တရားသဖြင့် ယှဉ်ပြိုင်ထုတ်လုပ်ရောင်းချမှုကို အားပေးပြီး မတရားသဖြင့် လက်ဝါးကြီးအုပ် လုပ်ကိုင်ခြင်းကို ဥပဒေအရ အရေးယူဆောင်ရွက်သွားနိုင်ရန်ဖြစ်ပါသည်။ ဤဥပဒေ အခန်း(၈)တွင် မည်သည့်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူမျှ ဈေးကွက်လက်ဝါးကြီးအုပ်ဆောင်ရွက်ခြင်းကို ဖြစ်ပေါ်စေသည့် ဆောင်ရွက်မှုတစ်ခုခုကို မပြုလုပ်ရဟုဖော်ပြထားပါသည်။
ကုန်စည်ဝယ်ယူသည့်ဈေးနှုန်း သို့မဟုတ် ကုန်စည်ရောင်းချသည့်ဈေးနှုန်း သို့မဟုတ် ဝန်ဆောင်မှုအတွက် အခကြေးငွေကို ထိန်းချုပ်ခြင်းကို ဥပဒေအရခွင့်မပြုပါ။ ဈေးနှုန်းထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ဝန်ဆောင်မှုကိုဖြစ်စေ၊ ထုတ်လုပ်မှုကိုဖြစ်စေ၊ ကန့်သတ်ခြင်း သို့မဟုတ် ကုန်စည်ဝယ်ယူခြင်း၊ ရောင်းချခြင်းပြုရာတွင် အခွင့်အလမ်းများကိုကန့်သတ်ခြင်း သို့မဟုတ် အခြားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများက မဖြစ်မနေဆောင်ရွက်ရမည့် စည်းကမ်းချက်များကို တိုက်ရိုက်သော်လည်းကောင်း၊သွယ်ဝိုက်၍သော်လည်းကောင်း သတ်မှတ်ခြင်းကို ဥပဒေကတားမြစ် ထားပါသည်။ ဝန်ဆောင်မှု၊ ထုတ်လုပ်မှု၊ ဝယ်ယူမှု၊ ဖြန့်ဖြူးမှု၊ လွှဲပြောင်းပေးမှု သို့မဟုတ် တင်သွင်းမှုတို့ကို သင့်လျော်သည့် အကြောင်းပြချက်မရှိဘဲ ဆိုင်းငံ့ထားခြင်း၊ လျှော့ချခြင်း၊ ကန့်သတ်ခြင်း သို့မဟုတ် ဈေးကွက်ဝယ်လိုအားအောက် လျော့နည်းစေရေးအတွက် အရည်အသွေးကိုလျှော့ချရန်အလို့ငှာ ကုန်စည်များကိုဖျက်ဆီးခြင်း၊ ပျက်စီးစေရန်ပြုလုပ်ခြင်းကို ဥပဒေအရခွင့်ပြုမည် မဟုတ်ပါ။
တစ်ဖန် အခြားစီးပွားရေးလုပ်ကိုင်သူများကို ဈေးကွက်အတွင်း ဝင်ရောက်မလာစေရန်နှင့် ဈေးကွက်ဝေစုကိုထိန်းချုပ်ရန်အလို့ငှာ ကုန်စည်နှင့်ဝန်ဆောင်မှုများ ရောင်းဝယ်ဖောက်ကားမှုပြုရာတွင် နယ်မြေဧရိယာထိန်းချုပ်ကန့်သတ်မှုပြုလုပ်ခြင်းကိုလည်း ဥပဒေအရ တားမြစ်ထားပါသည်။ အခြားသူ၏ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရာတွင် တရားမျှတမှုမရှိဘဲ ဝင်ရောက်စွက်ဖက်ခြင်းကိုလည်း ဤယှဉ်ပြိုင်မှုဥပဒေအရ တားမြစ်ထားပါသည်။
ယခုအခါမြန်မာနိုင်ငံ၌ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့်အတူ စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလျက်ရှိပါသည်။ ဤသို့စီးပွားရေးလုပ်ငန်းများတိုးတက်လျက်ရှိရာတွင် တရားသဖြင့်ယှဉ်ပြိုင်မှုကိုသာ အားပေးမည်ဖြစ်ပါသည်။ မတရားသဖြင့်ယှဉ်ပြိုင်မှုကိုအားပေးမည်မဟုတ်ပါ။ တရားသဖြင့် ယှဉ်ပြိုင်ခြင်းကသာ အရင်းအနှီးနည်းပါးသောလုပ်ငန်းငယ်၊ လုပ်ငန်းအလတ်များကို တံခါးဖွင့်ပေးပြီး မြှင့်တင်ပေးရာရောက်ပါသည်။စီးပွားရေးလုပ်ငန်းအားလုံး တစ်ပြေးညီတိုးတက်လာမှ တိုင်းပြည်စီးပွားရေး တိုးတက်လာမည်ဖြစ်ပါသည်။ သို့ပါ၍ စီးပွားရေးလုပ်ငန်းဖော်ဆောင်လုပ်ကိုင်ကြရာတွင် မိမိအကျိုးစီးပွားအတွက် ဈေးကစားခြင်း၊ ဈေးကွက်ကိုခြယ်လှယ်ခြင်းတို့ကို မပြုလုပ်ကြဘဲ ဥပဒေကို လေးစားလိုက်နာသောအားဖြင့် လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ကိုင်ခြင်းကို ရှောင်ကြဉ်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment