စင်ကာပူ မတ် ၂၉
စင်ကာပူနိုင်ငံကိုတည်ထောင်ခဲ့သူ ပထမဆုံးဝန်ကြီးချုပ်ဟောင်း လီကွမ်ယူသည် မတ်၂၃ ရက်က ကွယ်လွန် သွားခဲ့သည့်အတွက် ဝမ်းနည်းပူဆွေးမှုရက်သတ္တအဖြစ် တစ်ပတ်ကြာသတ်မှတ်ပြီး နောက်ဆုံးဈာပနအခမ်းအနားကို မတ် ၂၉ ရက်တွင်ကျင်းပခဲ့ရာ ဒေသတွင်းနှင့် နိုင်ငံတကာ ခေါင်းဆောင်များ၊ စင်ကာပူပြည်သူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသည်။
လွှတ်တော်အဆောက်အအုံတွင်ထားရှိသည့် မစ္စတာလီ၏ ရုပ်အလောင်းကို
တန်းစီစောင့်ဆိုင်း၍ လာရောက် ဂါရဝပြုသည့်အစီအစဉ်ကို ရုပ်သိမ်းလိုက်သော်လည်း
နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားသည့် လီကွမ်ယူအတွက် အမှတ်တရ ဂါရဝပြုသောနေရာ ၁၈
နေရာကို နိုင်ငံတော်ဈာပနပြီးဆုံးချိန်ထိ ဖွင့်လှစ်ခဲ့သည်။
မစ္စတာလီ၏ ရုပ်အလောင်းကို လွှတ်တော်အဆောက်အအုံမှ စင်ကာပူအမျိုးသားတက္ကသိုလ်သို့ သယ်ဆောင် သွားခဲ့ရာ လမ်းဘေးဝဲယာတစ်လျှောက်တွင် စင်ကာပူပြည်သူများက မိုးရွာနေသည့်ကြားမှ စောင့်ဆိုင်းကြည့်ရှုခဲ့ကြသည်။
နိုင်ငံတော် ဈာပနအခမ်းအနားကို စင်ကာပူအမျိုးသားတက္ကသိုလ် ယဉ်ကျေးမှုဗဟိုဌာန၌ မွန်းလွဲ ၂ နာရီခန့်တွင် ကျင်းပခဲ့သည်။ ဈာပနအခမ်းအနားတွင် လီကွမ်ယူ၏သား လက်ရှိစင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အမှာစကား ပြောကြားခဲ့သည်။
ဈာပနအခမ်းအနားတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် တက်ရောက်လာသူအားလုံးက မတ်တတ်ရပ်ကာ တစ်မိနစ်ငြိမ်သက်ခဲ့ကြသည်။
ချန်နယ်နယူးအေးရှ။

No comments:
Post a Comment