Tuesday, March 31, 2015

ဂျာမနီရှေ့တန်း ဂိုးဖြုန်းတီးနေမှုကြောင့် မူလာမပျော်ရွှင်

'ဂျာမနီရှေ့တန်း ဂိုးဖြုန်းတီးနေမှုကြောင့် မူလာမပျော်ရွှင်
==================================

ဂျာမနီတိုက်စစ်မှူး  သောမတ်စ် မူလာသည် ဂျာမနီအသင်း ဥရောပ ဖလားခြေစစ်ပွဲအုပ်စု(ဃ)တွင် ဒုတိယနေရာအထိ တက်လှမ်းနိုင်ခဲ့ခြင်းကို ကျေနပ်မိသော်လည်း မတ် ၂၉ ရက် တွင် ကစားခဲ့သော ဂျော်ဂျီယာနှင့်ပွဲ၌  နှစ်ဂိုး-ဂိုးမရှိဖြင့်သာ အနိုင်ရခဲ့ခြင်းကြောင့်  ရှေ့တန်းတိုက်စစ်မှူးများ အနေဖြင့် ဂိုးဖြုန်းတီးမှုများ ပြုလုပ်နေခြင်းအပေါ်  စိတ်ပျက်ကြောင်း ဆိုခဲ့သည်။

ဂျာမနီ၏ အဖွင့်ဂိုးကို မာကိုရူးစ်က ပွဲအစ ငါးမိနစ်မှာပင် သွင်းယူခဲ့ပြီး မူလာက ပထမပိုင်းမပြီးဆုံးမီ တစ်မိနစ်အလိုတွင် ဒုတိယဂိုးကို ထပ်မံသွင်းယူခဲ့သည်။

ယင်းပွဲအနိုင်ကြောင့် ဂျာမနီသည် အိုင်ယာလန်အား သရေကျခဲ့သော အုပ်စု(ဃ)ဦးဆောင်သူ ပိုလန်နှင့် တစ်မှတ်သာကွာသော အနေအထားသို့ ရောက်ရှိလာခဲ့သည်။ ''ကျွန်တော်တို့အတွက် အောင်မြင်စေမယ့် အဓိကအချက်ကတော့ ကစားချိန်  အချိန်တစ်ဝက်လောက်ကို အလဟဿ ဖြုန်းတီးနေတာကို လုံးဝမပြုလုပ်ဖို့ပါပဲ။  ညာတောင်ပံက ဘောလုံးပေးမှုကို ကောင်းကောင်းမပြုလုပ်နိုင်သလို ဘောလုံးအပျက်များနေတာတွေကိုလည်း ပြင်ဆင်ရပါတယ်။ ကျွန်တော်တို့ပွဲအစ အရှိန်အဟုန်ကောင်းကောင်းနဲ့  ကစားနိုင်ခဲ့ပြီး  ဒုတိယပိုင်းကျတော့ ဂိုးလေး တစ်ဂိုးရအောင်  မသွင်းယူနိုင်တာက ကျွန်တော့်ကို တကယ်ကို စိတ်ရှုပ်ခေါင်းရှုပ်ဖြစ်စေတာပါပဲ။  ဒါပေမယ့်  အမှတ်ပေးဇယားမှာ အဆင့်တက် လာတဲ့အပေါ်မှာတော့ ကျေနပ်ပါ တယ်''ဟု  မူလာက ပြောကြားခဲ့သည်။

ထို့ပြင် ဂျာမနီနည်းပြ ဂျိုအာချင်လိုက ''ကျွန်တော်တို့အသင်း ဒီနေ့မှာ အနိုင်ရခဲ့ပြီး ပထမပိုင်းကစားပုံက အတော်လေးကောင်းခဲ့တဲ့အတွက်တော့ ကျေနပ်မိပါတယ်။ ကျွန်တော်တို့အသင်း  စုဖွဲ့မှုကောင်းကောင်းနဲ့ တစ်ဖက်အသင်းကို ထိထိရောက်ရောက် ထိုးဖောက်ကစားနိုင်ခဲ့တယ်။  ဒုတိယပိုင်းမှာတော့ ကစားအားကျသွားပြီး ဂျော်ဂျီယာကတောင် ကျွန်တော်တို့အသင်းကို ဒုက္ခပေးနိုင်ခဲ့တယ်''ဟု ဆိုသည်။ မူလာသည် ဂျာမနီ လက်ရွေးစင်အသင်းအတွက် ရှေ့တန်း တိုက်စစ်မှူးအဖြစ် လည်းကောင်း၊ တိုက်စစ်အားသန် ကွင်းလယ်ကစားသမားအဖြစ်လည်းကောင်း၊ တောင်ပံတိုက်စစ်မှူးအဖြစ် လည်းကောင်း နေရာစုံကစားနိုင်သည့် ဘောလုံးကစားသမားဖြစ်သည်။ အသက် (၂၅) နှစ်အရွယ်ရှိ မူလာသည် ၂ဝ၁ဝ ကမ္ဘာ့ ဖလားပွဲတွင် စုစုပေါင်းသွင်းဂိုး ငါးဂိုး၊ ဂိုးဖန်တီးပေးမှုများ သုံးကြိမ်ပြုလုပ်ကာ ပြိုင်ပွဲ၏   အကောင်းဆုံး လူငယ်ကစားသမားဆုနှင့် ရွှေဖိနပ်ဆုကိုပါ ရယူနိုင်ခဲ့သည်။ ၎င်းသည် ၂ဝ၁၄ ကမ္ဘာ့ဖလား ဂျာမနီချန်ပီယံ ဖြစ်ခဲ့ရာတွင် အဓိက အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့ကာ စုစုပေါင်းသွင်းဂိုး ငါးဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး ဘရာဇီး ကစားသမား ရိုနယ်ဒို၏ ကမ္ဘာ့ဖလား သွင်းဂိုးအများဆုံးစံချိန်ကို ချိုးဖျက်နိုင်သည့် ကစားသမားဖြစ်လာမည်ဟု ထင်ကြေးပေးခဲ့ရသည့် ကစားသမားလည်းဖြစ်သည်။ 

မေလဲ့သင်း'

မေလဲ့သင်း

No comments:

Post a Comment