ပြင်သစ်ဂန္ထဝင် ကစားသမား ဇီနက်ဒင်ဇီဒန်းက လက်ရှိတာဝန်ယူထားသော လုပ်ငန်းဆောင်တာများအပြင် ရီးယဲလ်နည်းပြ အန်စလော့တီ၏ နေရာကိုဆက်ခံရန် တောင်းဆိုလာခဲ့ပါကလည်း ငြင်းပယ်မိမည် မဟုတ်ဟု ဆိုခဲ့သည်။ ဇီဒန်းက အကယ်၍ ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်အနေဖြင့် ၎င်းအား ကလပ်အသင်း နည်းပြအဖြစ် တာဝန်ယူရန် ကမ်းလှမ်းလာခဲ့လျှင်လည်း ငြင်းဆန်မှုပြုမိမည်မဟုတ်ဟု ဆိုခဲ့သည်။
အသက် (၄၂) နှစ်အရွယ်ရှိ ဇီဒန်းသည် လက်ရှိတွင်
ရီးယဲလ်(ခ)အသင်းနည်းပြအဖြစ်သာမက ကလပ်အသင်း နည်းစနစ်ပိုင်းစိစစ်ရေး
တာဝန်များကိုပါ တာဝန်ယူထားသူ ဖြစ်သည်။ ယခုအခါ ကာလို့စ် အန်စလော့တီ၏နေရာကို
တာဝန်ယူသွားမည့် အနာဂတ်နည်းပြလောင်းအဖြစ် ကမ်းလှမ်းခြင်းခံထားရသူ ဖြစ်သည်။
ဇီဒန်းက Canal+ သို့ ပြောကြား ခဲ့ရာတွင် ''တကယ်လို့ ရီးယဲလ်နည်းပြနေရာအတွက် ကျွန်တော်တို့ ဆန္ဒပြုလာမယ်ဆိုလည်း ကျွန်တော့် အနေနဲ့ အလုံးစုံသဘောတူတယ်လို့ပဲ တုံ့ပြန်မိပါလိမ့်မယ်။ ဒါပေမယ့် အခု လက်ရှိရီးယဲလ်ကို မှန်မှန်ကန်ကန် ဦးဆောင်မယ့် နည်းပြတစ်ယောက် ရှိနေတာက ကျေနပ်စရာပါပဲ။ အခုအချိန်မှာ ကျွန်တော်က သင်ကြားဆဲ အဆင့်မှာပဲနေပါသေးတယ်။ ဒီအလုပ်ကို ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်ပြီလားဆိုရင် မဖြစ်သေးပါဘူးလို့ပဲ ကျွန်တော် ပြောရမှာပါ။ ကစားသမားဘဝမှာ အသားကျအောင် တဖြည်းဖြည်းချင်း သင်ကြားခဲ့ရသလို နည်းပြဘဝကိုလည်း ဒီနည်းလမ်းအတိုင်းပဲ ဖြတ် သန်းနေရဆဲပါပဲ။ အန်စလော့တီဆီ က ကျွန်တော်အများကြီး သင်ယူခဲ့ရသလို သူက ရီးယဲလ်အတွက် ပြီးပြည့်စုံတဲ့ နည်းပြတစ်ဦးပါပဲ''ဟု ပြောကြားခဲ့သည်။
ဇီဒန်းသည် ကစားသမားဘဝမှ အနားယူခဲ့သည့် ၂ဝဝ၆ ခုနှစ် ကတည်းက မည်သည့်အသင်းကြီးကိုမျှ တာဝန်ယူခဲ့ခြင်းမရှိသေးဘဲ မော်ရင်ဟိုလက်အောက်တွင် ရီးယဲလ်အတွက် အားကစားဒါရိုက်တာအဖြစ် လည်းကောင်း၊ အန်စလော့တီ လက်အောက်တွင် လက်ထောက် နည်းပြအဖြစ်လည်းကောင်း တာဝန်ယူခဲ့သူဖြစ်သည်။
မေလဲ့သင်း

No comments:
Post a Comment