Monday, March 2, 2015

ထုံးမီစံမျှ 'အုန်း' လောက ဇီဝလောင်စာ ထုတ်တော့မည်







အိန္ဒိယနိုင်ငံ ကိုချီမြို့ရှိ ဇီဝသိပ္ပံနှင့် ဇီဝနည်းပညာ သုတေသနတက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် အုန်းဆီမှ ထုတ်ယူမည့် ဇီဝလောင်စာနည်းစဉ်နှင့် ပတ်သက်၍ မူပိုင်ခွင့်ရရှိနိုင်ရန် အမေရိကန်ပြည် ထောင်စုရှိ မူပိုင်ခွင့်မှတ်ပုံတင်ရုံးသို့ မကြာမီက လျှောက်
ထားလိုက်ပြီဟု နိုင်ငံတကာသတင်းတစ်ပုဒ်အရ ကျွန်ုပ်သိရလေ၏။
ထိုစဉ်အတွင်း ကမ္ဘာ့အကြီးဆုံး အဖျော်ယမကာ ကုမ္ပဏီကြီးဖြစ်သည့် ကိုကာကိုလာကလည်း သကြားများများပါဝင်သော အချိုရည်များ သောက်သုံးရန် မချင့်မရဲဖြစ်နေကြသည့် ကျန်းမာရေးလိုက်စားသူ ပြည်သူများအတွက် အုန်းစိမ်းရည်ဘူးများ ရောင်းချပေး ရန် စီစဉ်နေပြီဟု ကျွန်ုပ်မှတ်သားရပြန်သည်။
အိန္ဒိယသိပ္ပံပညာရှင်များသည် အုန်းဆီမှ ဇီဝလောင်
စာ ထုတ်လုပ်မှုကို စီးပွားဖြစ် လုပ်ဆောင်နိုင်ရေးအတွက် အိန္ဒိယပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဝန်ကြီး ဌာနသို့လည်း တင်ပြထားလေသည်။
ဒေါက်တာမိုဟန်ကူးမား ဦးဆောင်သောအဖွဲ့က အောင်မြင်စွာ သုတေသနပြုလုပ်နိုင်ခဲ့ပြီး အိန္ဒိယသိပ္ပံ နှင့် စက်မှုလုပ်ငန်းဆိုင်ရာ သုတေသနဌာနက သုတေ သနလုပ်ငန်း ဆက်လက်လုပ်ဆောင်နိုင်စေရန် ရန်ပုံ ငွေ ထောက်ပံ့ပေးမည်ဆို၏။
ဤနေရာတွင် အုန်းဆီ၏ ဂုဏ်သတ္တိများ ထူးခြားဆန်းကြယ်ပုံကို ကျွန်ုပ်တွေးတောမိသည်။ အုန်းဆီ သည် အခြားသော ဟင်းသီးဟင်းရွက်ဆီများထက် ပိုမိုထူးခြားသော အာနိသင်များရှိသည်။
ကျွန်ုပ်တို့၏ မြန်မာနိုင်ငံ၌ ဘိုးတော်ဘုရား လက်
ထက်ကပင် ပိတုန်းရောင်ကေသာဖြစ်စေရန်နှင့် ဦးရေ
ပြားခြောက်သွေ့ခြင်းမှ ကာကွယ်ရန် အုန်းဆီကို အသုံး
ပြုခဲ့ကြသည်ဟု ကျွန်ုပ်မှတ်သားဖူး၏။ လောရစ်
အက်စစ်(Lauric Acid) ပေါကြွယ်ဝသော အုန်းဆီသည်
ဆံကေသာကို ပိုးသားကဲ့သို့ နူးညံ့တောက်ပြောင်စေပြီး ဒက်ပေါက်ခြင်းမှလည်း ကင်းဝေးစေနိုင်သည်။
အုန်းဆီသည် ဝက်ခြံကို အမြန်ဆုံး ကုသပေးနိုင်သော ဂုဏ်သတ္တိရှိသည်။ အုန်းဆီတွင် ဗက်တီးရီးယား ပိုးမွှားများကို သေစေနိုင်သော သတ္တိထူးလည်း ပါဝင်
သည်။ နံနက်တိုင်း အုန်းဆီပါးပါးပွတ်လိမ်းပေးခြင်းဖြင့်
ဝက်ခြံများ လျော့ပါးပျောက်ကွယ်သွားနိုင်သည်ဟု ကျွန်ုပ်ဖတ်ရှုရဖူးလေသည်။
တောင်ပစိဖိတ် ကျွန်းသူ၊ ကျွန်းသားများသည် အုန်းဆီကို နေ့စဉ်မှန်မှန် အသုံးပြုကြသည်။ အုန်းဆီ သည် အကောင်းဆုံးသော နေရောင်ကာ ခရင်မ် တစ်မျိုးဖြစ်သဖြင့် နေရောင်ဖြာချိန် အိမ်အပြင်ထွက် လျှင် အုန်းဆီလိမ်းပြီးမှ သွားလေ့ရှိကြသည်။ အုန်းဆီ ကို နေလောင်ဒဏ်ခံ အသားအရေကို ကုစားနိုင်ရန် အသုံးပြုလေ့ရှိကြပြီး အသားပပ်ခြင်း၊ ခြောက်သွေ့ ခြင်း၊ အက်ကွဲခြင်းတို့မှ ကာကွယ်ပေးသည်။
¤င်းအပြင် ထိပ်ကပ်နာပေါက်ခြင်း၊ ထိပ်ပြောင်ခြင်း၊ အပူလောင်ဒဏ်ရာရခြင်း၊ ပန်းနာ၊ အအေးမိဖျားနာ၊ ချောင်းဆိုးခြင်း၊ နားကိုက်ခြင်း စသည်တို့အတွက် အုန်းဆီကို ဆေးမြီးတိုအဖြစ် အသုံးပြုကြကြောင်း၊ ခံတွင်းနံ့ကောင်းမွန်စေရန် သွားဖုံးနှင့် သွားများကို အုန်းဆီဖြင့် ပွတ်တိုက်ပေးနိုင်ကြောင်း၊ ခြေဖဝါး နုနုကွဲအက်မှုဖြစ်ပေါ်ပါက အုန်းဆီကို ခြေဖနောင့်
နေရာတွင် လိမ်းပေးခြင်းပြုလုပ်နိုင်ကြောင်း မီးဖိုချောင်
ထွက်ဆေးဝါးအဖြစ် ကျွန်ုပ်မှတ်သားရလေသည်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံ၌ မုန့်အများအပြားတွင် အုန်းနို့ ပါဝင်တတ်သည်။ အုန်းရည်သည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော်လည်း သွေးတိုးရောဂါသည်များမှာ အုန်းနို့ကို အလွန်အကျွံ စားသုံး ခြင်းမပြုအပ်ပေ။
ဒုတိယကမ္ဘာစစ် ကာလအတွင်းက ရှေ့တန်း၌ ဒဏ်ရာရစစ်သည်များအတွက် သွေးသွင်းကုသရန် လိုအပ်ချိန်တွင် သွေးရည်ကြည်ပုလင်းများ မရနိုင် သည့်အဆုံး အုန်းသီးနုနု၏ သန့်စင်သော အုန်းရည်ကို သွေးရည်ကြည်အဖြစ် အစားထိုးအသုံးပြုခဲ့ကြသည် ဟု ကျွန်ုပ် သိရှိရလေသည်။
ဒုတိယကမ္ဘာစစ်အတွင်းမှာပင် ဖိလစ်ပိုင်နိုင်ငံ၌
ဒီဇယ်အင်ဂျင်များလည်ပတ်ရေးအတွက် အုန်းဆီကို အစားထိုးလောင်စာအဖြစ် အသုံးပြုခဲ့ဖူးလေသည်။
ပါပူဝါနယူးဂီနီနိုင်ငံ၌ ကုန်သွယ်ရေးပိတ်ဆို့မှု ခံရ
စဉ်က ဒီဇယ်ဂျင်နရေတာများနှင့် ထရပ်ကားများ မောင်းနှင်နိုင်ရန် ပြည်တွင်း၌ ထုတ်လုပ်သည့် အုန်းဆီဖြင့် အစားထိုး အသုံးပြုခဲ့ကြလေသည်။
ဗင်နွာတူနိုင်ငံ၌မူ အုန်းဆီနှင့် ဒီဇယ်ဆီတို့ကို ရော
စပ်ကာ ဇီဝလောင်စာအဖြစ် အသုံးပြုလျက်ရှိသည်။
သြစတြေးလျနိုင်ငံ ဝူလောင်ဂွန်းတက္ကသိုလ် (University of Wollongong) ၏ စက်မှုအင်ဂျင်နီယာဌာနသည် ဒီဇယ်၊ ရေနံဆီနှင့် အက်သနောတို့ကို အုန်းဆီ
ဖြင့် ရောသမမွှေကာ ဇီဝလောင်စာအဖြစ် အသုံးပြုနိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်ခဲ့ဖူးလေသည်။
အမေရိကန် ဘေလာတက္ကသိုလ် (Baylor University) မှ သိပ္ပံပညာရှင်များသည် ပါပူဝါနယူးဂီနီနိုင်ငံမှ သုတေသီများနှင့်အတူ အုန်းဆီကို လောင်စာအဖြစ် အသုံးပြုနိုင်ရန် လေ့လာမှု ပြုလုပ်ခဲ့သည်။
ဇီဝလောင်စာအဖြစ် အသုံးပြုသည့် အုန်းဆီသည် ရေနံ၊ ဒီဇယ်စက်သုံးဆီနှင့် နှိုင်းယှဉ်လျှင် လေထုညစ် ညမ်းစေနိုင်သော အခိုးအငွေ့ထုတ်လွှတ်မှု ပိုမိုလျော့ နည်းကြောင်း၊ ဝေးလံသီခေါင်သော ဒေသများ၌ စက်ယန္တရားများ လည်ပတ်ခြင်းနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းတို့အတွက် အုန်းဆီကို အသုံးပြုရန် သင့်လျော်ကြောင်း၊ အုန်းဆီသည် သဘာဝပတ်ဝန်း ကျင်မပျက် ရေရှည်ခရီးဆက်နိုင်မည့် အရင်းအမြစ် တစ်ရပ်ဖြစ်ကြောင်း သုတေသီတို့က ပြောကြားကြလေသည်။
အုန်းတောကြီးများ တစ်မျှော်တစ်ခေါ် ရှိသည့် ဆော်လ်မွန်ကျွန်းစုနိုင်ငံ၌ ကားများနှင့် လယ်ထွန်စက်များကို အုန်းဆီနှင့် ဒီဇယ်ဆီအရောအနှောဖြင့် မောင်း
နှင်လျက်ရှိကြလေသည်။
အုန်းဆီလောင်စာ၏ ထူးခြားချက်မှာ အနည်အနှစ်
ကျခြင်းမရှိဘဲ မီးခိုးမှာ သင်းပျံ့သောရနံ့ရှိကာ ပိုမို
ချောမွေ့စွာ အင်ဂျင်စက်များ လည်ပတ်နိုင်ခြင်းဖြစ် သည်။ သို့ရာတွင် အုန်းဆီဇီဝလောင်စာ၏ ပြဿနာ မှာ အပူချိန် ၂၂ ဒီဂရီစင်တီဂရိတ်အောက်တွင် အစိုင် အခဲအဖြစ်သို့ ပြောင်းလဲပြီး ၁၄ ဒီဂရီစင်တီဂရိတ် အရောက်တွင် လုံးဝအေးခဲသွားခြင်းဖြစ်သည်။
အာရှ၊ အာဖရိက၊ တောင်အမေရိက၊ အလယ်ပိုင်း အမေရိကနှင့် သမုဒ္ဒရာဒေသတို့ဖြစ်သည့် ကမ္ဘာအရပ် ရပ်တွင် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အုန်း ထုတ်လုပ်မှုမြင့်တက်လာခဲ့သည်။
အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့၌ အခွံခွာထားသော အုန်းခွံများကို ပင်းမင်းဆိုင်များ၊ မုန့်ဖိုများနှင့် ပန်းပဲဖိုများ၌ လောင်စာအဖြစ် အသုံးပြုကြသည်။ အုန်းခွံများသည် မီးသွေးထုတ်လုပ်မှုအတွက် ကုန်ကြမ်း
တစ်မျိုးဖြစ်သည်။ အုန်းခွံမှ လူသုံးကုန်နှင့် အနုပညာ
လက်ရာပစ္စည်းအမျိုးမျိုး ထုတ်လုပ်နိုင်လေသည်။
အုန်းခွံသည် အစားထိုးလောင်စာ စွမ်းအင်အရင်းအမြစ်
တစ်ရပ်ဖြစ်ပြီး လောင်ကျွမ်းချိန်တွင် ဖန်လုံအိမ် အာနိသင်
ဓာတ်ငွေ့ ထုတ်လွှတ်မှု အလွန်နည်းပါးလှသည်။
မကြာမီက ကျွန်ုပ်ဖတ်ရှုရသော သတင်းတစ်ရပ်အရ မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်း ပင်လယ်ကမ်းရိုးတန်း
ဒေသများမှထွက်ရှိသော အုန်းသီးများကို ယခုနှစ်တွင် မြိတ်ဈေးကွက်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်း ချနေခြင်းကြောင့် ဈေးကောင်းရရှိနေသည်ဟု သိရလေသည်။
ရခိုင်ပြည်နယ် ဂွမြို့၌ အုန်းသီးအထွက်နှုန်းကောင်း နေပြီး ယခုနှစ်တွင် အုန်းသီးရောင်းလိုအား များလာခြင်းကြောင့် ဈေးနှုန်းကျဆင်းရကြောင်း၊ ငါးရက်ခန့် နေလှန်းထားသော အုန်းသားကို ဆပ်ပြာချက်လုပ် ရာတွင် အသုံးပြုကြောင်း ကျွန်ုပ်ဖတ်ရှုရလေသည်။
လူတို့၏ စားဝတ်နေရေးတွင် အရေးပါသော အုန်းကို ကမ္ဘာတစ်ဝန်း၌ မြေဧကပေါင်း ၁၁ သန်းထက်
မနည်းတွင် စိုက်ပျိုးလျက်ရှိပြီး နှစ်စဉ် အုန်းသီးအလုံး
ကုဋေပေါင်း ၂၅ဝဝ မျှအထိ လူတို့ သုံးစွဲလျက်ရှိကြ သည်။ ဇီဝလောင်စာအဖြစ် အသုံးပြုနိုင်သော အုန်း သည် သဘာဝပတ်ဝန်းကျင်နှင့် ထုံးမီစံမျှဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးလေလေ အုန်းကိုပို၍ အသုံးပြုလေလေ ဖြစ်ပေရာ မည်သည့်အခါတွင်မျှ တိမ်ကောနိုင်မည် မဟုတ်သော လုပ်ငန်းတစ်ရပ်အဖြစ် အုန်းစိုက်ပျိုး ရေးလုပ်ငန်းနှင့် အုန်းသုတေသန လုပ်ငန်းတို့ကို တိုး
ချဲ့လုပ်ဆောင်သင့်သည်ဟု ကျွန်ုပ်အကြံပြုအပ်ပါ
သတည်း။ ။
ကိုရင်သြ

No comments:

Post a Comment