သတင်း - ရှိုင်းထက်ဇော်၊ ဓာတ်ပုံ - ဘောလုံးအဖွဲ့ချုပ်
တရုတ်(တိုင်ပေ)တွင် ကျင်းပလျက်ရှိသည့် အာရှ ယူ-၂၃ ခြေစစ်ပွဲ အုပ်စု(င်္)
ဒုတိယနေ့ပွဲစဉ်များကို ယနေ့ ညနေပိုင်းက ဆက်လက်ယှဉ်ပြိုင်ကစားသည်။
ပွဲဦးထွက်ပွဲ၌ တရုတ်(တိုင်ပေ)ကို အနိုင်ရထားသည့် မြန်မာအသင်းမှာ ယခုပွဲတွင်လည်း နိုင်ပွဲထပ်မံရယူကာ နှစ်ပွဲဆက်အနိုင်ရယူနိုင်ခဲ့သည်။ ၃၂ မိနစ်တွင် ဂိုးစပေး ခဲ့ရပြီး ၃၅ မိနစ်တွင် တစ်ယောက်အထုတ်ခံခဲ့ရသည့် မြန်မာအသင်းမှာ အနိုင်ရရှိရန် ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီး ဇွန်မိုးအောင်၏ ဂိုးနှစ်ဂိုးကြောင့်သာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းမှာ နှစ်ပွဲဆက်အနိုင်ရလဒ်ကြောင့် ခြေစစ်ပွဲအောင်ရန် အခြေ အနေပိုကောင်းသွားခဲ့သည်။
တရုတ်(တိုင်ပေ)အသင်းကို အနိုင်ရခဲ့သည့် ပွဲထွက်လူစာရင်းမှာ နှစ်နေရာကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဇွန်မိုးအောင်နှင့် အောင်ရှိုးသာ မောင်တို့ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့သည်။ မြန်မာအသင်းမှာ နိုင်ပွဲဆက်ရေး ကြိုးပမ်းခဲ့သော်လည်း ၃၃ မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် ဟောင်ကောင်အသင်း၏ ဦးဆောင်ဂိုးသွင်းယူမှုကို ခွင့်ပြုခဲ့ရသည်။ နှစ်မိနစ်အကြာတွင် မြန်မာ ကွင်းလယ်ကစားသမား လှိုင်းဘိုဘို တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရ၍ တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည်။
ဒုတိယပိုင်းတွင် တစ်ယောက်လျော့နေသည့် မြန်မာအသင်းမှာ ကစားကွက်ပျက်မသွားဘဲ ချေပဂိုးရရှိရန် ဟောင်ကောင်အသင်းဘက်သို့ ဆက်တိုက်ဖိကစားနိုင်ခဲ့သည်။ ယခုပွဲတွင် ပွဲထွက်ကစားခွင့်ရရှိခဲ့သည့် ဇွန်မိုး အောင်က ၅၄ မိနစ်တွင် ချေပဂိုးသွင်းပြီး ၆၃ မိနစ်တွင် အနိုင်ဂိုးသွင်းယူ ပေးခဲ့သည်။ ကျန်ပွဲချိန်များတွင် မြန်မာအသင်းက ပွဲကိုထိန်းကစားသွားခဲ့ပြီး ဟောင်ကောင်အသင်း ချေပဂိုးရနိုင်သည့် အခွင့်အရေးများ ပြန်ရခဲ့သော်လည်း မြန်မာဂိုးသမား ကျော်ဇင်ဖြိုး ကာကွယ်နိုင်ခဲ့သည်။
အုပ်စု(စ)၏ အခြားပွဲစဉ်တွင် သြစတြေးလျအသင်းက တရုတ်(တိုင်ပေ)အသင်းကို လေးဂိုးပြတ်ဖြင့်အနိုင် ရရှိသွားသည်။ နှစ်ပွဲဆက်အနိုင်ရရှိခဲ့သော မြန်မာနှင့်သြစတြေးလျအသင်း တို့မှာခြေစစ်ပွဲအောင်ရန် အခြေအနေ ကောင်းသွားခဲ့ပြီး တရုတ်(တိုင်ပေ)နှင့် ဟောင်ကောင်တို့မှာ ခြေစစ်ပွဲအဆင့်မှ ထွက်ခဲ့ရပြီဖြစ်သည်။ အုပ်စုတစ်ခု စီမှထိပ်ဆုံးအသင်းများနှင့် အကောင်းဆုံးအုပ်စု ဒုတိယနေရာရ ငါးသင်းမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် အကောင်းဆုံးအုပ်စု ဒုတိယနေရာဖြင့် ခြေစစ်ပွဲအောင်ရန် မျှော်လင့်ချက်ရှိနေသည်။
မြန်မာ-နှစ်ဂိုး
ဟောင်ကောင်-တစ်ဂိုး

No comments:
Post a Comment