Sunday, March 1, 2015

ရွေးကောက်ပွဲဆိုင်ရာသတင်းရေးသားမည့် သတင်းမီဒီယာသမားများအတွက် သတင်းစာပညာသင်တန်းလာရောက်ပို့ချသူ ဒေါ်ခင်မေဇော်နှင့်တွေ့ဆုံခြင်း





အမေရိကန်နိုင်ငံသံရုံး(ရန်ကုန်) ၏ပံ့ပိုးမှုဖြင့် နိုင်ငံတကာသတင်းစာ ဆရာအဖွဲ့ (International Center for Journalist-ICFJ)က ရွေးကောက်ပွဲဆိုင်ရာသတင်းရေးသား နည်းသင်တန်းကို ရန်ကုန်မြို့ အမေရိကန်စင်တာ၌ ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၈ ရက်အထိ သင်ကြားပို့ချခဲ့သည်။ ထို့ပြင် ယင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၂ ရက်၌ ရန်ကုန်သူနာပြုတက္ကသိုလ်၌ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကမီဒီယာများမှသတင်း မီဒီယာသမားများအား ပထမဆုံးအကြိမ် ရွေးကောက်ပွဲ သတင်းရေးသားနည်းဆိုင်ရာ သင်တန်းကို ပို့ချခဲ့သည်။
ICFJ ၏ သင်တန်းအစီအစဉ် တွင် ရွေးကောက်ပွဲနှင့် သတင်းမီဒီယာအခန်းကဏ္ဍ၊ သတင်းသမား ကျင့်ဝတ်နှင့်စိန်ခေါ်မှုများ၊ အသံလွှင့် သတင်းထောက်နှင့်မာလ်တီမီဒီယာ သတင်းတင်ပြခြင်း၊ သတင်းအရင်း အမြစ်များထံမှ သတင်းရယူခြင်း၊ ဆိုင်ဘာလုံခြုံရေးနှင့်သတင်းသမားများ သတိပြုစရာ လူမှုကွန်ရက်နှင့်ဒီဂျစ်တယ်မီဒီယာစသည့် အကြောင်းအရာများကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက်နိုင်ငံတကာ သတင်းစာဆရာအဖွဲ့(ICFJ)မှ သင်တန်းမှူး ဒေါ်ခင်မေဇော်နှင့်အတူ Marguerite Sulivan၊ ရွေးကောက်ပွဲစောင့်ကြည့်ရေးဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်တို့က ပါဝင်ပို့ချခဲ့သည်။ ရွေးကောက်ပွဲတွင် မြန်မာသတင်း မီဒီယာသမားပါဝင်နိုင်မှုအခန်းကဏ္ဍအား ICFJ ၏ သင်တန်းမှူးဖြစ်သူ ဒေါ်ခင်မေဇော်ကို မြန်မာ့သတင်းစဉ် (ပြည်တွင်း)က တွေ့ဆုံမေးမြန်းခဲ့သည်။
မေး ။ အခု ရွေးကောက်ပွဲသတင်း
ရေးသားနည်း အတွက် သတင်းထောက်တွေကို ဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်ခဲ့သလဲ။
ဖြေ ။ များသောအားဖြင့် သတင်းစာတိုက်တွေက သူတို့သတင်းထောက်တွေကို တိုက်တွင်း သင်တန်းတွေ ပေးတာရှိတယ်။ သတင်းထောက်တွေကို သင်တန်း စေလွှတ်ရင်လည်း သတင်းတိုက်က စိတ်ကြိုက်ရွေးချယ်တာရှိတယ်။ မြန်မာပြည်က သတင်းထောက်တွေမှာ သတင်းတိုက်နောက်ခံမရှိတဲ့ အလွတ်သတင်းထောက်တွေ အများ ကြီးရှိတယ်။ ဒီတော့အလွတ်သတင်း ထောက်တွေအတွက် အခွင့်အရေးက နည်းတယ်။ ကျွန်မတို့ သတင်းထောက်တစ်ဦးချင်းစီကိုပျိုးထောင်ပေးချင်တယ်။တစ်ဦးချင်းမပျိုးထောင် ပေးနိုင်ဘဲ သတင်းတိုက်တစ်ခုကောင်းလာဖို့ မဖြစ်နိုင်ဘူး။ နောက်ပြီးတော့ သတင်းထောက် မဖြစ်သေးပေမယ့် သတင်းကို စိတ်ဝင်စားပြီး သတင်းထောက်လုပ်ချင်တဲ့ သူတွေလည်း အများကြီးရှိတယ်။ ဒီအခါမှာ မီဒီယာကျင့်ဝတ်က ပြဿနာတစ်ခု ဖြစ်လာတယ်။ မီဒီယာကျင့်ဝတ်ကို မသိတာလည်းဖြစ်မယ်။ ဒါမှမဟုတ်ရင် အသိအမှတ်မှားတာလည်း ဖြစ်နိုင်တယ်။ ဒီအခါမှာ သတင်းမီဒီယာကျင့်ဝတ် ကို ချိုးဖောက်တယ်ဆိုတာမျိုးတွေ ဖြစ်လာပြီး သတင်းထောက်တွေ အတွက် ထိခိုက်မှုတွေက အများကြီး ဖြစ်လာတယ်။ ဒီတော့ Citizen Journalist ပဲဖြစ်ဖြစ်၊ တိုက်သတင်း ထောက်ပဲဖြစ်ဖြစ်၊အလွတ်သတင်း ထောက်ပဲဖြစ်ဖြစ် ကျင့်ဝတ်ကို သိဖို့လိုတယ်။ ဒါကြောင့်မို့လို့ သင်တန်းကို သတင်းအပေါ် စိတ်ဝင်စားသူများ အားလုံ
း တက်ရောက်နိုင်တယ်ဆိုပြီး ကြော်ငြာလိုက်တယ်။ လျှောက်သူမှန်သမျှကို သင်တန်းအမှန်တကယ် တက်နိုင်သလားမေးပြီးတော့ လက်ခံတယ်။ အခု သတင်းတိုက်ကလာတဲ့သူရော၊ သတင်းတိုက်မဟုတ်ဘဲ လာတဲ့သူတွေရောကို လက်ခံပြီး လူဦးရေပြည့်တဲ့အချိန်မှာ စာရင်းပိတ်လိုက်တယ်။
မေး ။ ပုံနှိပ်မီဒီယာအတွက်ပဲသီးသန့်ဖွင့်လှစ်တာလား။
ဖြေ ။ မဟုတ်ပါဘူး။ ပုံနှိပ်မီဒီယာ တင်မကဘဲ မာလ်တီမီဒီယာ အတွက်ပါ ရည်ရွယ်တယ်။ အခုသွားနေတဲ့ မီဒီယာရေစီးကြောင်းက ပုံနှိပ်မီဒီယာတစ်ခုတည်းမှာပဲ တွယ်နေလို့ မရတော့ဘူး။ ရှောင်လို့မရတဲ့ မာလ်တီမီဒီယာသတင်းခန်းဆိုတာ ဖြစ်လာ တော့မယ်။ အားပေးချင်တော့ ကျွန်မက အကုန်လုံးကိုခေါ်ပြီး အကုန်လုံးကို သင်တယ်။ ပုံနှိပ်၊ ရုပ်သံ၊ ဒီဂျစ်တယ်မီဒီယာနဲ့ လူမှုကွန်ရက်မီဒီယာမျိုးတွေ ကျွန်မသင်ပါတယ်။
မေး ။ သင်တန်းမှာ ဘယ်လို
အကြောင်းမျိုးကို သင်ကြားပေးခဲ့ပြီး ဘယ်သူတွေက လာရောက်ဟောပြောပို့ချခဲ့လဲ။
ဖြေ ။ ကျွန်မတို့က လိုတာကိုပေး
နိုင်ဖို့ ကြိုးစားတယ်။ ဒါသင်မယ်ပြင်ဆင်ထားပေမယ့် ဒီကသတင်းထောက်တွေအတွက် မလိုအပ်တာတွေကို ဖြုတ်ပစ်ရတာမျိုး၊ ဒီရောက်ပြီးတော့မှ ပြန်ဖြည့်စွက် ရတာမျိုးတွေတော့ ရှိပါတယ်။
ကျွန်မတို့ ICFJ သင်တန်း အတွက် မာဂရက်ကို ဖိတ်တယ်။ မာဂရက်က မြန်မာပြည်ကို လာတဲ့အကြိမ်ပေါင်း မနည်းတော့ဘူး။ သူကပြောရေးဆိုခွင့်ရှိတဲ့ အစိုးရအရာရှိတွေ၊ နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေကို သတင်းကို ဘယ်လိုထုတ်သင့်လဲ၊ မီဒီယာနဲ့ဘယ်လို ဆက်ဆံသင့်လဲဆိုတာကိုသင်ကြား ခဲ့တဲ့သူပါ။ ဒီတော့ သတင်းထောက်တွေအတွက် ဒါကအကျိုးရှိတယ်။ သူက ဟိုဘက်တစ်ဖက်ကို သင်တဲ့သူဆိုတော့ ဒီဘက်က ဘယ်လိုချဉ်းကပ်ရင်ကောင်းမယ်ဆိုတာ သိလာမယ်။ သတင်းမေးတယ်။ မဖြေဘူး၊ သတင်းမရဘူး ဆိုတာမျိုးတွေ မြန်မာပြည်မှာ အမြဲကြားနေရတော့ သတင်းကိုဘယ်ကရမလဲ၊ ဘယ်လို ရယူမလဲဆိုတာကို မာဂရက်က သင်ပေးနိုင်လို့ သူ့ကိုဖိတ်တယ်။
နောက်ဆိုက်ဘာ လုံခြုံရေးအတွက် မီဒိုက မရတနာထွန်းပါ။ သတင်းထောက်တွေက အခုအကုန်လုံး ဖေ့ဘွတ်ခ်တွေ၊ ဂျီမေးလ်တွေ သုံးပေမယ့် ဆိုက်ဘာလုံခြုံရေးကို မသိဘူး။ ပြဿနာတစ်ခုဖြစ်လာရင် သတင်းပေးတဲ့သူတွေကို အကာကွယ်ပေးရတဲ့တာဝန် ကိုယ့်မှာရှိတယ်။ ကိုယ့်သတင်းတွေကို လုံခြုံအောင် ထားရမယ့်တာဝန် ကိုယ့်မှာ ရှိတယ်။ ဆိုက်ဘာလုံခြုံရေးက နေရာတကာမှာလိုအပ်ပါတယ်။
လူမှုအဖွဲ့အစည်းထဲမှာတော့ လာမယ့်ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်နေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ PACEကကိုစိုင်းရဲကျော်စွာ မြင့်ကို ဖိတ်တယ်။ သူ့ကြောင့် သတင်းထောက်တွေ အင်မတန်အကျိုးရှိတယ်။ သတင်းထောက်တွေ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းဘယ်လိုယူလို့ရသလဲ။သတင်းအရင်းမြစ်တွေ ဘယ်မှာရှိသလဲ ဆိုတာကို သူအများကြီး ပေးသွားနိုင်တယ်လို့ ထင်ပါတယ်။
နောက်တစ်ခုက ဒီအစီအစဉ်ကို အမေရိကန်သံရုံးက လုပ်တဲ့အစီအစဉ်ပါ။ သံရုံးက ငွေကြေးထောက်ပံ့ပြီး ကျွန်မတို့ နိုင်ငံတကာသတင်းစာ ဆရာအဖွဲ့(ICFJ)က သတင်းပညာ နဲ့ပတ်သတ်ပြီး တာဝန်ယူပါတယ်။ အမေရိကန်သံရုံးက ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကိုလည်း ဖိတ်ပါတယ်။ ဝန်ကြီးကလည်း သတင်းတွေနဲ့ ပတ်သက်ရင် စိတ်ဝင်စားတဲ့အတွက်ပါ။ သူလာတဲ့အတွက် ကျွန်မတို့ကဝမ်းသာတယ်။ ဘာကြောင့်လဲဆိုတော့ သတင်းထောက်တွေအနေနဲ့ မေးစရာရှိတဲ့ မေးခွန်းတွေ အများကြီးမေးနိုင် ခဲ့တယ်လို့ ကျွန်မထင်တယ်။ ဝန်ကြီးဦးရဲထွဋ်အနေနဲ့လည်း သူလုပ်နေတဲ့ မီဒီယာပြုပြင်ပြောင်းလဲရေးအကြောင်း တွေပြောသွားတဲ့အတွက် ကျွန်မအထင်နှစ်ဖက်စလုံး အကျိုးရှိမယ်ထင်ပါတယ်။
မေး ။ ဆရာမတို့ ICFJ အနေနဲ့
သင်တန်းနဲ့ ပတ်သက်ပြီး သတင်းသမားတွေအပေါ် ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
ဖြေ ။ ကျွန်မလာကတည်းက အင်မတန် မျှော်လင့်တယ်။ ကျွန်မတို့ လာတဲ့အတွက် သတင်းသမားကောင်းတစ်ယောက် ပေါ်ထွက်လာတယ်ဆိုရင်ပဲ ကျွန်မ ကျေနပ်တယ်။ အခုလက်ရှိ တွေ့ရ တာကတော့ ကျွန်မမျှော်လင့်ထား တာထက်ကို များတယ်။ စိတ်ဝင် တစားနဲ့တက်ကြတာကို တွေ့ရလို့ အားရကျေနပ်တယ်။
မေး ။ မြန်မာနိုင်ငံရဲ့ သတင်း
သမားတွေနဲ့ ပတ်သက်ပြီး သုံးသပ်ပေးပါဦး။အခုနဲ့အရင် ဘာကွာလဲပေါ့။
ဖြေ ။ ကျွန်မတို့ မီဒီယာသမား
စလုပ်တုန်းက ပြည်တွင်းမီဒီယာက လှုပ်ရှားခွင့်မရှိဘူး။ အခု မီဒီယာပြုပြင်ပြောင်းလဲမှုနဲ့အတူ မီဒီယာသမားတွေ လှုပ်ရှားလို့ရလာတယ်။ မီဒီယာသမားတွေ အများကြီး ထွက်လာတာ အင်မတန်ကောင်းတဲ့ လက္ခဏာပဲ။ စိတ်ဝင်စားတဲ့ သူတွေလည်း အလွန်များတယ်။ ဒါပေမယ့် အားနည်းချက်တွေရှိတယ်။ သတင်းသမားတွေက အတွေ့အကြုံမရှိတဲ့ အတွက် ကိုယ်ထင်တာနဲ့ကိုယ်လုပ်နေရတယ်။ အခု ကျွန်မတို့ ပေးလိုက်တဲ့ အကြံဥာဏ်တွေက မီဒီယာ ပြုပြင်ပြောင်းလဲမှုမှာ အများကြီးအထောက် ပံ့ပေးနိုင်မယ်ထင်တယ်။ ဒီဂျစ်တယ် မီဒီယာဖြစ်လာပြီ။ အင်တာနက်တွေရလာပြီ။ အကုန်လုံးက ဖုန်းတွေနဲ့။ ကျွန်မတို့ခေတ်က လူငယ်တွေက မလုပ်ရဲဘူး။ကြောက်ကြတယ်။ ဒီလောက်ထိ ထက်ထက်မြက်မြက်မရှိဘူး။ လူငယ်တွေ ပညာရေးပိုင်းဆိုင်ရာမှာ အားနည်းသွားပေမယ့် လူငယ်တွေရဲ့ စိတ်အားထက်သန်မှုကတော့ အလွန်မြင့်သွားတယ်။ ဒီအပေါ်မှာ ကျွန်မအင်မတန်အားရတယ်။ မျှော်လင့်ချက်တွေ အများကြီးရှိတယ်။
မေး ။ ရွေးကောက်ပွဲတော့ နီးလာ
ပြီပေါ့။ ရွေးကောက်ပွဲမှာ သတင်းရေးသားဖို့ မြန်မာသတင်းသမားတွေရဲ့ အားနည်းချက် အများစုက ဘာဖြစ်မယ်လို့ ထင်ပါသလဲ။
ဖြေ ။ မြန်မာသတင်းသမားတွေက
အတွေ့အကြုံနည်းတော့ အမှားများတယ်။ကျွန်မဥပမာပေးချင်တယ်။ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့သတင်းကို လုပ်တဲ့အခါမှာ ဘယ်လို သတင်းမျိုးလိုက်သလဲ။ သတင်းသမားအများစုကတော့ ရွေးကောက်ပွဲဝင်မယ့် ပုဂ္ဂိုလ်တွေပြောတဲ့ စကားတွေကိုပဲမေးပြီးသတင်းရေး ကြတယ်။ဒီဥစ္စာက လုံးဝကို မှားနေတယ်။ ကျွန်မတို့ နိုင်ငံမှာက ရွေးကောက်ပွဲက လုံးဝကို အသစ်အဆန်း။ဒီမိုကရေစီစနစ်ကို ထူထောင်တာက ဘယ်လောက်မှ မကြာသေးဘူး။ အတွေ့အကြုံနည်း တဲ့အခါကျတော့သိဖို့ လိုတယ်လို့ကျွန်မအနေနဲ့ ထင်မြင်ယူဆတယ်။ ရွေးကောက်ပွဲအတွက် ဘယ်သူ့ကိုမေးရမှာလဲ။ဘယ်လိုသတင်း မျိုးတင်မလဲ။ ရွေးကောက်ပွဲသတင်းကို မလိုက်တတ်တဲ့ သူကများနေတယ်။ အခုလောလောဆယ် ကျွန်မ တို့ကြားတာက ရွေးကောက်ပွဲကော်မရှင်နဲ့ပါတီတွေ သတင်းမထုတ် သေးလို့သတင်းမရေးနိုင်ဘူးဆိုတာ မဟုတ်ဘူး။ ကျွန်မတို့လုပ်လို့ရတာ အများကြီးရှိတယ်။ မီဒီယာဆိုတာက လူထုနဲ့ နားနဲ့မျက်စိ။ ဒီတော့လူထုက ဘာကိုလိုချင်လဲ ဆိုတာကိုရှာနိုင်ရမယ်။ တင်ပြနိုင်ရမယ်။ ဒါကို အခြေခံပြီတော့ ရွေးကောက်ပွဲသတင်းကို လုပ်နိုင်ရမယ်။ ကျွန်မတို့က လူထုအသံကိုတင်ရမယ်။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခုမှာ ရွေးကောက်ပွဲဆိုတာ လူထုကိစ္စပါ။ ရွေးကောက်ခံ ပုဂ္ဂိုလ်အကြောင်း မဟုတ်ဘူး ။
(ကျေးဇူးပါပဲ)
နိုင်ငံတကာ သတင်းစာဆရာအဖွဲ့ (International Center for Journalist-ICFJ)သည် မြန်မာနိုင်ငံရှိ မီဒီယာသမားများအတွက် မီဒီယာသင်တန်း၏ ပထမအဆင့်အနေဖြင့် မြန်မာပြည်မှ သတင်းထောက် ၁၅ ဦးကို ၂ဝ၁၄ နိုဝင်ဘာလအတွင်းက အမေရိကန် ပြည်ထောင်စုသို့ ဖိတ်ကြား၍ အမေရိကန်နိုင်ငံ၏ နှစ်လယ်ရွေးကောက်ပွဲအတွက် လေ့လာစေခဲ့သည်။ မကြာမီကာလများတွင် အသက်ဝင်လာတော့မည့် မြန်မာနိုင်ငံ၏ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် အမေရိကန်နိုင်ငံသို့ ခေါ်ယူ၍ သင်တန်းပေးခဲ့သော မြန်မာသတင်းသမားများသာမက ရွေးကောက်ပွဲနှင့်ပတ်သက်၍ သတင်းရေးသားချင်သော ပြည်တွင်းသတင်းမီဒီယာ သမားများအတွက်ပါ ရည်ရွယ်၍ ရွေးကောက်ပွဲသတင်းရေးသားနည်းသင်တန်းကို မြန်မာနိုင်ငံ၌ လာရောက်သင်တန်းပေးခြင်း ဖြစ်ကြောင်း ICFJမှ သိရသည်။
နိုင်ငံတကာ သတင်းစာဆရာ အဖွဲ့ (International Center for Journalist-ICFJ) သည် မတ်လ ၇ ရက်၊ ၈ ရက်နှင့် ၉ ရက်နေ့များတွင်လည်း ရွေးကောက်ပွဲဆိုင်ရာ သတင်းရေးသားနည်းသင်တန်းကို မန္တလေးမြို့ရှိ ဂျက်ဖာဆင်စင်တာ၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း အမေရိကန်စင်တာမှ သိရသည်။
တွေ့ဆုံမေးမြန်း
သတင်းအဖွဲ့(သတင်းစဉ်)
ဓာတ်ပုံ-ICFJ facebook

No comments:

Post a Comment