Wednesday, February 25, 2015

လူသားများအား စေတနာထား


အလုပ်တစ်ခုခုကိုလုပ်ပြီဆိုလျှင် စေတနာပေါင်းစပ်ပြီးလုပ်ကိုင်ပါဟု မိဘ၊ ဆရာများကဆုံးမလေ့ရှိပါသည်။ စေတနာကိုကံဟူ၍ မြတ်စွာဘုရားက မိန့်ကြားထားပါသည်။ စေတနာမပါသော အလုပ်ဟူသမျှသည် ''ဆား မပါသော ဟင်းလျာ''ကဲ့သို့ အရသာမရှိဖြစ်လိမ့်မည်။ မည်သည့်အလုပ်ကို လုပ်လုပ် စေတနာပေါင်းစပ်ပေးလျှင် ရလဒ်ကောင်းနိုင်ရုံသာမက ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော အကျိုးပေးတတ်ပါသည်။ ကုသိုလ်လည်းရ ဝမ်းလည်း ဝသည့် သမ္မာအာဇီဝအလုပ်ဟူသမျှ စေတနာပါစမြဲဖြစ်ပါသည်။

''လူတစ်ယောက်သည် အသက်(၃ဝ) တွင် သေဆုံးပြီး အသက် (၆ဝ)မှ သင်္ချိုင်းသို့ ရောက်သွားသည်'' ဟူသည့် စကားပုံသည် ပစ္စုပ္ပန်ကာလ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးစသဖြင့် နယ်ပယ်အသီးသီးတွင် လက်ကိုင် ထားသင့်သည့် ဆောင်ပုဒ်တစ်ခုဟုဆိုနိုင်ပါသည်။ လူမသေသေး နာမည် သေသွားပြီဆိုလျှင် အကြင်လူအတွက် လူသေသည့်နှင့်မခြားဖြစ်သွားရပါ ပြီ။ လောကတွင် နာမည်မသေဖို့ အထူးအရေးကြီးပါသည်။ ထို့ကြောင့် လုပ်ငန်းတိုင်းတွင် စေတနာတရားနှင့်ဝန်းရံကာ စေတနာထား အနား သတ်ပေးသွားဖို့သည်ပင် လူ့တန်ဖိုးတစ်ရပ်ဟု ဆိုထိုက်ပါသည်။

ထို့ကြောင့် တန်ဖိုးရှိသော လူတစ်ယောက်အဖြစ် ရပ်တည်မည်ဆိုလျှင် ကံသုံးပါးလုံးတွင် စေတနာပေါင်းစပ်ပြုမူကျင့်ကြံနေထိုင်တတ်ဖို့ လိုအပ်ပါသည်။ အထူးသဖြင့် အများနှင့်ဆက်နွှယ်သော လုပ်ငန်းကြီးများ လုပ်ကိုင်သူများ ဆိုလျှင် ပို၍ပင် စေတနာအားဖြည့်လုပ်ကိုင်ပေးသွားနိုင်ရပါမည်။

ပြီးစလွယ် နှင့် ဖြစ်ကတတ်ဆန်းလုပ်သူများမှာ လုပ်ငန်းတွင် ထိခိုက်ပွန်းရှရှိလာမည်။ လုပ်ငန်းမတွင်ကျယ်ရုံမျှမက နာမည်ဂုဏ်သတင်း ပျက်ယွင်းလာမည်မှာ အသေအချာ ဖြစ်ပါသည်။
မကြာသေးမီက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ရေသန့်ကုမ္ပဏီ ၅၈ ခုကထုတ်လုပ်သည့် ရေသန့်တံဆိပ် ၇၃ မျိုးကို ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်ပြီး သောက်သုံးရန်မသင့်သော ရေသန့်များအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ မိမိတို့နိုင်ငံတွင် ရေသန့်အမျိုးပေါင်း ၈ဝဝ ကျော်ရှိနေပြီး FDA မှတရားဝင် ခွင့်ပြုထားသော ရေသန့်အမျိုးအစား ၆၉၇ ခုကြောင်း သိရသည်။
မိမိတို့နိုင်ငံတွင် ရေသန့်စက်ရုံများ တည်ဆောက်ကာထုတ်လုပ်ရောင်းချ ခါစက အလုပ်ဖြစ်ပါ့မလားဟူ၍ သံသယဝင်ခဲ့ကြသည်။ အကြောင်းမူ မိမိတို့ နိုင်ငံတွင် ရေကိုရောင်းစားရိုး ထုံးစံမရှိခဲ့၍ဖြစ်ပါသည်။ ရေအကျိုး (၁ဝ)ပါး မတောင်းဘဲနှင့် ပြည့်သည်ဟူသော ဘာသာတရားအဆုံးအမအောက်မှာ လူလားမြောက်ခဲ့ကြသော မိမိတို့နိုင်ငံသား အားလုံးတိုင်း၏ နှလုံးအိမ်မှာ စွဲမြဲတည်ကာ ရေအလှူကို ရက်ရက်ရောရော ရှိနေခဲ့ကြ၍ဖြစ်ပါသည်။ မိုးနည်းရေရှား၊ မိုးများရေပေါ နေရာဒေသမရွေး လမ်ဘေးသစ်ရိပ်ဝါးရိပ် အောက်မှာ ရေချမ်းစင်လေးနှင့်မွေ့ပျော် ရေလှူဒါန်းနေကြဆဲဖြစ်သည်။

မိမိတို့နိုင်ငံတစ်နံတစ်လျားရောက်သည့်အရပ်မှာ ရေကိုဝယ်သောက်စရာ မလို။ သောက်လိုသူအား ကြည်ကြည်ဖြူဖြူ ပေးလှူကြစမြဲမှာ မြန်မာ့ဓလေ့ ယဉ်ကျေးမှုဖြစ်သည်။
ကမ္ဘာ့နိုင်ငံများမှာမရှိသော မိမိတို့နိုင်ငံမှာသာ ယနေ့ထိတိုင် ရှိနေဆဲ ဖြစ်သော ရေချမ်းစင်ယဉ်ကျေးမှု၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း မဝင်လည်း မပျောက်မပျက် တည်မြဲရှိနေဆဲပါ။ ''ရေအသက်တစ်မနက်'' ဆိုစကားအတိုင်း လူသားတို့အတွက် မရှိမဖြစ်အသက်ဆက်ရေအလှူနှင့် မွေ့ပျော်နေဆဲ မိမိတို့နိုင်ငံတွင် ''ရေစီးပွားရေး'' လုပ်ငန်း တွင်ကျယ်လာ နေသည်။ ရိုးရိုးသားသားနှင့်ဆိုလျှင် ကုသိုလ်လည်းရ ဝမ်းလည်းဝသည့် နှစ်ဖက်လှသမ္မာအာဇီဝ အလုပ်မျိုးဖြစ်သည်။
အများကိုအကျိုးပြုသည့် လုပ်ငန်းတိုင်းတွင် စေတနာမှန်စိတ်ကောင်း ရှိသော လူကောင်းလူမွန်များ အစဉ်သဖြင့် ရှိနေသင့်ပါသည်။ ရေသည်လူသား အကျိုးပြုပစ္စည်းဖြစ်ပါသည်။ ထိုထက်မက မွန်မြတ်သန့်စင်ကြည်လင်ပြီး အကျိုးတရား (၁ဝ)ပါး ရရှိနိုင်သောအရာဖြစ်၍ ရေကို အများအကျိုးအတွက် စေတနာသန့်သန့်အကျိုးပြုနိုင်ကြစေရန် ဆန္ဒပြုပါသည်။ ။

No comments:

Post a Comment