Wednesday, February 25, 2015

သောက်သုံးရေလုံလောက်စွာရရှိရေး စက်ရေတွင်းသစ်ဖွင့်



မြင်းခြံ ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ကတောကျေးရွာ၌ ဒေသခံကျေးရွာ နေပြည်သူများ သောက်သုံးရေလုံလောက်စွာရရှိရေးအတွက် စက်ရေတွင်းသစ် ဖွင့်ပွဲကို တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီ ၂၂ ရက်က ကျင်းပခဲ့သည်။

ဖွင့်ပွဲတွင် မြင်းခြံခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သင်းအောင်၊ မြင်းခြံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်သန်းတို့က စက်ရေတွင်းသစ်ကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မင်းနောင်က မြင်းခြံခရိုင်သည် မိုးနည်းရေရှားသော အပူပိုင်းဒေသ ဖြစ်၍ ကျေးလက်ဒေသများတွင် နှစ်စဉ်နွေရာသီရောက်တိုင်း သောက်သုံးရေ အခက်အခဲဖြစ်လေ့ရှိသဖြင့် ကျေးရွာနေပြည်သူများ သောက်သုံးရေအခက်အခဲ အဆင်ပြေစေရေးအတွက် ရေတွင်းတူးဖော်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ကတောကျေးရွာ စက်ရေတွင်းသည် အနက်ပေ ၆ဝဝ ရှိပြီး ၄ လက်မပိုက် ရေတွင်းဖြစ်ကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၈ သန်းဖြင့် တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်ရေတွင်းမှရေဖြင့် ကတော ကျေးရွာရှိ အိမ်ခြေ ၁၁၈၃ အိမ်မှ လူဦးရေ ၉ဝဝဝ နီးပါးအတွက် သောက် သုံးရေ လုံလောက်စွာဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

စက်ရေတွင်းသစ်ဖွင့်ပွဲသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင်များ၊ ကတောကျေးရွာမှပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဇော်မင်းနိုင်(မြင်းခြံ)

No comments:

Post a Comment