Thursday, February 26, 2015

ပွဲပြီးခါနီးဂိုးဖြင့်ရှုံးပွဲကြုံတွေ့ခဲ့သည့် ရတနာပုံ


 
မန္တလေး ဖေဖော်ဝါရီ ၂၅
၂ဝ၁၅ ရာသီ AFC Cup ဘောလုံးပြိုင်ပွဲ အုပ်စု(ဆ)ပထမပွဲစဉ်ဖြစ်သည့် ရတနာပုံအသင်းနှင့် မလေးရှားကလပ် ပါဟန်းအသင်းတို့ ယနေ့ ညနေ ၄ နာရီက မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်ကစားရာ ရတနာပုံအသင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့ရသည်။
ပါဟန်း(သုံးဂိုး) - ရတနာပုံ(နှစ်ဂိုး)
ဒဏ်ရာရကစားသမားများပြားနေသည့် ရတနာပုံအသင်းမှာ ယခုပွဲတွင် လည်း ရလဒ်ကောင်းရန် ကြိုးပမ်းခဲ့သော်လည်း ပွဲပြီးခါနီးတွင် ပေးလိုက်ရ သည့်ဂိုးကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ရသည်။ ရတနာပုံအသင်းမှာ နှစ်ဂိုးအရှုံးမှ လိုက်ကစားနိုင်ခဲ့ပြီး သရေကျနေချိန်တွင် ပင်နယ်တီကန်ခွင့် ထပ်မံ ရရှိခဲ့သော်လည်း လွဲချော်ခဲ့သောကြောင့် ပွဲဦးထွက်ရလဒ်ဆိုးသွားရခြင်းဖြစ်သည်။
ရတနာပုံအသင်းမှာ နိုင်ငံခြားသား ကစားသမားအဖြစ် မက်ဆီမင် တစ်ဦးတည်းသာပါဝင်ခဲ့ပြီး သီဟစည်သူ၊ ရန်ပိုင်၊ ဇော်လင်းထွန်းတို့ ဦးဆောင်ကာ လူငယ်ကစားသမားများဖြင့် ပွဲထွက်ခဲ့သည်။ ပွဲစကတည်းက ပါဟန်းအသင်းက ရတနာပုံအသင်းဘက်ကို ဖိကစားနိုင်ခဲ့ပြီး ဟက်ပီးနက်စ် မပါဝင်နိုင်သည့် ရတနာပုံနောက်တန်း အမှားများခဲ့သည်။ ယခုပွဲတွင် ရတနာပုံ ခံစစ်ကို ဒုက္ခပေးနိုင်ခဲ့သည့် တိုက်စစ်မှူး အမ်ဝါကီမီက ၅ မိနစ်နှင့် ၁၂ မိနစ်တွင် နှစ်ဂိုးဆက်သွင်းယူပေးခဲ့သည်။ ပွဲအစပိုင်းတွင် နှစ်ဂိုးဆက်ပေးခဲ့ရ သည့် ရတနာပုံအသင်း မိနစ် ၂ဝ နောက်ပိုင်းမှ ကစားကွက်ပြန်တည်ငြိမ်လာပြီး ၄၁ မိနစ်တွင် ဇင်မင်းထွန်း၏ ကန်ချက် ပါဟန်းနောက်ခံလူနှင့် ထိဝင်သွား၍ ရတနာပုံ ချေပဂိုးစရခဲ့သည်။
ရတနာပုံအသင်းမှာ ဒုတိယပိုင်းတွင်လည်း ချေပဂိုးရရှိရန် တရစပ် တိုက်စစ်ဆင်ခဲ့ပြီး ၅၄ မိနစ်တွင် ပယ်နယ်တီကန်ခွင့်ရခဲ့သည်။ ယင်းပယ်နယ်တီကို ဖျက်ထုတ်ခဲ့သော ခါမေးလ်မှာ တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရပြီး ပါဟန်းအသင်းတစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည်။ ယင်းပယ်နယ်တီကို မက်ဆီမင်က ကန်သွင်းယူခဲ့၍ ရတနာပုံအသင်း ဒုတိယချေပဂိုးရခဲ့သည်။ တစ်ယောက်အသာရသွားသည့် ရတနာပုံအသင်းမှာ အနိုင်ဂိုးရရှိရန် တရစပ် ဖိကစားခဲ့ပြီး မိနစ် ၇ဝ တွင် ပယ်နယ်တီကန်ခွင့် ထပ်မံရရှိခဲ့သည်။ အဆိုပါ ပယ်နယ်တီကို မက်ဆီမင်ကပင် ထပ်မံကန်သွင်းရာ လွဲချော်သွား၍ ရတနာပုံ နစ်နာခဲ့ရသည်။ ပါဟန်းအသင်းမှာ တစ်ယောက်လျော့သွားသော်လည်း ကစား ကွက်ပျက်မသွားဘဲ အနိုင်ဂိုးကို ၈၉ မိနစ်တွင် ဂိုပီက သွင်းယူခဲ့သည်။
သတင်းနှင့်ဓာတ်ပုံ-ရှိုင်းထက်ဇော်


No comments:

Post a Comment