Thursday, February 26, 2015

စာဖတ်ခြင်းအစ ကျောင်းစာကြည့်တိုက်က

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

လူတစ်ဦးတစ်ယောက်အနေဖြင့် အသိမှန်၊ အမြင်မှန်ပါမှ ဆုံးဖြတ်ချက်မှန်ကန်ပြီး လုပ်ကိုင်ဆောင်ရွက်သောလုပ်ငန်းများ မှန်ကန်စွာ လုပ်ကိုင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။ ဤသို့ အသိမှန်၊ အတွေးမှန်ခြင်း၏ ပင်မရေသောက်မြစ်သည် ဗဟုသုတနှင့်အတွေ့အကြုံများပင်ဖြစ်ပါသည်။ ဤသို့ ဗဟုသုတအဖုံဖုံ ကို ပေးစွမ်းနိုင်သောနေရာများသည်ကား စာကြည့်တိုက်များနှင့်စာအုပ်စာစောင်များပင်ဖြစ်ပါသည်။
စာဖတ်ခြင်းအလေ့အထကို ပြုစုပျိုးထောင်ရန် အကောင်းဆုံးနေရာများသည်ကား ကျောင်းစာကြည့်တိုက်များ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မူလတန်း၊ အလယ်တန်းနှင့်အထက်တန်း စုစုပေါင်း ကျောင်းပေါင်း လေးသောင်းကျော်ရှိကြောင်း သိရပါသည်။ ယင်းတို့တွင် အခြေခံပညာအထက်တန်းကျောင်းတိုင်းတွင် သင်ကြားသင်ယူမှု ထိရောက်အောင်မြင်ရေးအတွက် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ လေ့လာနိုင်ရန် ကျောင်းစာကြည့်တိုက်များ ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရပါသည်။ အခြေခံပညာအထက်တန်းကျောင်းတိုင်းတွင် ကျောင်းစာကြည့်တိုက်များအပြင် ကွန်ပျူတာ Lab ခန်းများ လည်းရှိပါသည်။
သို့သော် စာဖတ်တတ်သည့် အလေ့အကျင့်ကောင်းများကို ပြုစုပျိုးထောင်ဆွဲဆောင်နိုင်မှု အားနည်းခြင်း၊ ကွန်ပျူတာLab ခန်းများ ပျက်စီးမည်စိုး၍ ပိတ်ထားခြင်းတို့ကြောင့် ကျောင်းသား ကျောင်းသူများ၏ စာဖတ်တတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်မှုအားနည်းလျက်ရှိပါသည်။ စာဖတ်အောင် တိုက်တွန်းမှုများများပြုလုပ်ဖို့လိုပါသည်။ ကွန်ပျူတာခန်းများတွင် အင်တာနက်၊ ဝိုင်ဖိုင်အစရှိသည့် ကွန်ရက်များ ချိတ်ဆက်လျက်လွတ်လပ်စွာ အသုံးပြုခွင့်ပေးဖို့လိုပါသည်။ သို့မှသာ စာဖတ်ခြင်း အလေ့အထများ တိုးတက်လာမည်ဖြစ်ပါသည်။
ကျောင်းစာဖတ်ခန်း၊ စာကြည့်တိုက်များတွင် နေ့စဉ်ထုတ် သတင်းစာများ၊ အပတ်စဉ်ထုတ်ဂျာနယ်နှင့် မဂ္ဂဇင်းများ ဝယ်ယူ ဖြည့်တင်းပေးလျက် ကျောင်းသားကျောင်းသူတိုင်း စာဖတ်နိုင်အောင် စီစဉ်ထားဖို့လိုပါသည်။ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့်အထက်တန်းကျောင်းတိုင်း၌ ကျောင်းသား ကျောင်းသူများ၏ အသက်အရွယ် အတန်းနှင့်လိုက်ဖက်သော စာအုပ်စာပေများ ထားရှိပေးသင့်ပါသည်။ ကလေးများစာဖတ်ခြင်း အလေ့အထကို အခြေခံပညာကျောင်းများမှ စတင်မည်ဆိုပါက စာပေဝါသနာထုံသော လူငယ်များ တိုးပွားလာမည်ဖြစ်ပါသည်။
သို့ပါ၍ ကျောင်းစာကြည့်တိုက်များသည် စာဖတ်ခြင်းအလေ့အထကောင်းကို ပြုစုပေးနိုင်သည့်နေရာဖြစ်ခြင်းကြောင့် ကျောင်းတိုင်းကျောင်းတိုင်း၌ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးစေပြီး စာဖတ်ခြင်း အလေ့အထကို ပြုစုပျိုးထောင်သွားရန် အလေးထားဆောင်ရွက်သင့်ပေကြောင်း။ ။

No comments:

Post a Comment