တောင်သာ ဖေဖော်ဝါရီ ၂၃
တောင်သာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို တပ်မတော်နယ်လှည့်
အထူးကုအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အခမဲ့ဆောင်ရွက်
ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂ဝ ရက်က ဇရပ်ကြီးကျေးရွာဒေသသို့ ရောက်ရှိ
ကုသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့တွင် ရောဂါအလိုက် ပါရဂူများ၊ သူနာပြုအရာရှိများ၊ စစ်သည် ၁ဝဝ ကျော်ပါဝင်လာရာ ဖေဖော် ဝါရီ ၁၃ ရက်မှစ၍ ဇဂျမ်း၊ ကျောက္ကာ၊ ဇရပ်ကြီး စသည့်ဒေသ သုံးနေရာ သတ်မှတ်လျက် ယနေ့အထိ လူနာပေါင်း ၁၃ဝဝဝ ကျော် ကုသပေးခဲ့ပြီး မျက်စိ(အတွင်းတိမ်)၊ မျက်သားတက်ခြင်း၊ သွား၊ သွေးတိုးရောဂါများ အများဆုံး ကုသရကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည့်အတွက် ရွှေ့ပြောင်းကုသရေးယာဉ်များ အဆင် ပြေလျက်ရှိရာ လှုပ်ရှားအဖွဲ့ခွဲများက လည်း နယ်မြေအလိုက် သွားရောက်စစ်ဆေးကုသလျက် အခြေပြုအဖွဲ့များ ဖြင့် ချိတ်ဆက်ကုသပေးနေကြောင်း သိရသည်။
နယ်မြေခံကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများကလည်း လူနာစာရင်းများ မှတ်ပုံတင်ခြင်း၊ သွေးပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အလှူရှင် များက ရေသန့်များ၊ အာဟာရဒါနများဖြင့် ပါဝင်ကုသိုလ်ယူလျက်ရှိကြောင်း သိရသည်။
မိမိတို့၏ အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးဖြစ်သော်လည်း အခွင့်အခါသင့်တဲ့အချိန် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ရန် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က လမ်းညွှန်ထားရာ တိုင်းဒေသကြီး အလိုက် one stop service ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး အရ မကွေးတိုင်း၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံးသွားရောက် ခဲ့ကြောင်း၊ ယခုအစီအစဉ်သည် ပဉ္စမအကြိမ်ဖြစ်ပြီး မိတ္ထီလာ၊ ကျောက် ပန်းတောင်း၊ မင်းဘူး၊ သပိတ်ကျင်း၊ လက်ပံတောင်း၊ ကန့်ဘလူ၊ ရေစကြို စသည့် နယ်မြေဒေသများမှ လူနာပေါင်းတစ်သိန်းကျော် ကုသပြီးဖြစ် ကြောင်း၊ မြစ်ဝကျွန်းပေါ်ဘက်တွင်လည်း ရေယာဉ်များဖြင့် ကုသပေးနေ ကြောင်း၊ ၂ဝ၁၄ ဧပြီလမှ စတင်လှုပ်ရှားခဲ့ပြီး သာမန် ဆေးကုသမှုမျိုးမဟုတ် ဘဲ ဓာတ်မှန်၊ အီးစီဂျီ၊ ရင်သားကင်ဆာ စမ်းသပ်စက်များနှင့် ခွဲစိတ်ယာဉ် များပါလာသည့်အတွက် အချိန်တိုအတွင်း ချက်ချင်းဆောင်ရွက်နိုင်သည့် အပြင် ပြည်သူများအတွက် အခွင့်အခါကောင်းများပင်ဖြစ်ကြောင်း၊ လိုအပ် မည့်လူနာများကို မိတ္ထီလာ၊ နေပြည်တော်၊ ရန်ကုန် စသည့်စစ်ဆေးရုံများသို့ပါ လွှဲပြောင်းကုသပေးလျက်ရှိပြီး ဆေးရုံမှတ်တမ်းစာအုပ်ဖြင့် ပြန်လည်ပြသ စမ်းသပ်နိုင်မည့် အစီအစဉ်များလည်း ဆောင်ရွက်ထားကြောင်း တာဝန်ခံ အရာရှိတစ်ဦးထံမှ သိရသည်။ လင်းလက်ကြယ်(တောင်သာ)

No comments:
Post a Comment