Tuesday, February 24, 2015

ဆူပူအကြမ်းဖက်ဆန္ဒပြ အလုပ်သမားများ သိရှိနိုင်ရန် သတင်းထုတ်ပြန်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက် (၁/၂ဝ၁၅)
၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်
၁၃၇၆ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်

၁။ လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ မိမိနိုင်ငံသားများအတွက် သင့်တင့်လျောက်ပတ်သော အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးကို အဓိကထား၍ ဆောင်ရွက်ပေးနေသကဲ့သို့ မြန်မာနိုင်ငံ၌လည်း နိုင်ငံတော်အစိုးရက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကိုချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာတွင် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချနိုင်ရေးအတွက် သင့်တော် ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။

၂။ အလားတူပင် လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုများ ကိုအဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့် အလမ်းများ၊ နည်းပညာကျွမ်းကျင်မှုများနှင့် အရင်းအနှီးများရရှိစေရန်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို လက်ခံ ဆောင်ရွက်ပေးနေသကဲ့သို့ ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များ၏ စက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် အားပေးကူညီ ဆောင်ရွက်လျက်ရှိသဖြင့် ယနေ့အချိန်တွင် စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းသစ်များ အလျင်အမြန်တိုးတက်နေပြီ ဖြစ်ပါသည်။

၃။ ထိုသို့သောအခြေအနေကောင်းများရရှိနေချိန်တွင် ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာစက်မှုဇုန်နှင့် လှိုင်သာယာစက်မှုဇုန်များရှိ Red Stone အထည်ချုပ်စက်ရုံ၊ Costec အထည်ချုပ်စက်ရုံ၊ Ford Glory အထည်ချုပ်စက်ရုံ၊ E Land Myanmar အထည်ချုပ်စက်ရုံနှင့် တိုင်ရီဖိနပ်စက်ရုံတို့မှ အလုပ်သမားအချို့သည် လုပ်ခတိုး၍ရလိုမှုအတွက် သက်ဆိုင်ရာ စက်ရုံကို ဝင်ထွက်မရအောင်ပိတ်ဆို့ခြင်း၊ အေးချမ်းစွာအလုပ်ဝင်ရောက်လုပ်ကိုင်လိုသူများကို ဟန့်တားခြင်း၊ စက်ရုံပိုင်ရှင်နှင့် အုပ်ချုပ်ရေးဝန်ထမ်းများကို စက်ရုံအတွင်းပိတ်ဆို့ထားခြင်း၊ ကုန်ကြမ်းနှင့် ကုန်ချောပစ္စည်းများ အဝင်အထွက်မပြုလုပ်နိုင်ရန် စက်ရုံကိုပိတ်ဆို့ထားခြင်း၊ ပြည်ပအလုပ်ကိုယ်စားလှယ်များကို ပိတ်ဆို့ဟန့်တားခြင်း စသည့် ဥပဒေမဲ့လုပ်ရပ်များကြောင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများက ဆန္ဒပြအလုပ်သမားများနှင့် သက်ဆိုင်ရာစက်ရုံပိုင်ရှင်များကို အကြိမ်ကြိမ်တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးမှုများကို ပြုလုပ်ပေးခဲ့ရာ လက်ရှိအချိန်၌ အလုပ်သမားအများစုမှာ နောက်ဆုံးညှိနှိုင်းသဘောတူညီချက်များနှင့်အညီ လုပ်ငန်းခွင်များသို့ ပြန်လည်ဝင်ရောက်နေကြပြီဖြစ်သော်လည်း အချို့သော အလုပ်သမားများမှာ E Land Myanmar အထည်ချုပ်စက်ရုံပြင်ပ၌ ဥပဒေမဲ့စုဝေးနေထိုင်ဆဲ ဖြစ်ကြောင်း တွေ့ရှိရပါသည်။

၎။လက်ရှိဆန္ဒပြမှုများဖြစ်ပေါ်နေသည့်စက်ရုံများမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ နိုင်ငံခြားသား များက လာရောက်ရင်းနှီးလုပ်ကိုင်နေကြသောစက်ရုံများဖြစ်ပြီး လုပ်ငန်းမဆောင်ရွက်နိုင်သည်မှာ ရက်သတ္တ ၂ ပတ်ခန့်ရှိနေပြီဖြစ်၍ အာမခံထားသော ကုန်ထုတ်လုပ်ငန်းများအား မဆောင်ရွက်နိုင်ခြင်းကြောင့် အဆိုပါ စက်ရုံများအနေဖြင့် ဝင်ငွေမရရှိတော့ခြင်း၊ ကုန်အမှာစာများပယ်ဖျက်ခံရခြင်း၊ နောက်ထပ်ကုန်အမှာစာများ မရရှိတော့သဖြင့် ရှေ့ဆက်လုပ်ငန်းများဆောင်ရွက်ရန် အခက်အခဲရှိနေခြင်းနှင့် လုပ်ငန်းအမည်ပျက်စာရင်းတင်သွင်းခံရတော့မည့်အခြေအနေရှိနေခြင်း စသည့် ဆုံးရှုံးမှုများဖြစ်ပေါ်နေသကဲ့သို့ လုပ်ငန်းရပ်ဆိုင်းနေရမှုကြောင့် လုပ်ခမရကြသဖြင့် အလုပ်သမားအများစုတွင် စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရှိရပါ သည်။

၅။အထက်ဖော်ပြပါအခြေအနေများကြောင့် နိုင်ငံခြားသားလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းများကို ရပ်ဆိုင်းပြီး ပြည်ပသို့ပြောင်းရွှေ့လုပ်ကိုင်ရန်သာ ဆန္ဒရှိနေကြောင်းပြောဆိုနေကြသဖြင့် ထိုသို့ဆောင်ရွက် လာပါက အဆိုပါစက်ရုံများတွင်အလုပ်လုပ်နေကြသည့် အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ပြီး ၎င်းတို့၏ စားဝတ်နေရေးအခက်အခဲများရှိလာမည်ဖြစ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက အလုပ်ရှင်များနှင့် အကျေအလည် ဆွေးနွေးပြီး လုပ်ငန်းဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းပေးထားပြီးဖြစ်ပါသည်။ အလားတူပင် လုပ်ငန်း များ အေးချမ်းစွာ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် အစိုးရဘက်မှ ဥပဒေနှင့်အညီ အကာအကွယ်ပေး နိုင်ရန်အတွက်လည်း အလုပ်ရှင်များက တောင်းဆိုလျက်ရှိပါသည်။

၆။ ရွှေပြည်သာစက်မှုဇုန်နှင့် လှိုင်သာယာစက်မှုဇုန်များတွင် ဖြစ်ပေါ်လျက်ရှိသော အလုပ်ရှင်နှင့် အလုပ် သမားအငြင်းပွားမှုများကို တည်ဆဲအလုပ်သမားဥပဒေများနှင့်အညီ အေးချမ်းစွာဖြေရှင်းခြင်းမပြုဘဲ ဥပဒေမဲ့ လုပ်ရပ်များဖြင့် စက်ရုံပြင်ပတွင် ပိတ်ဆို့ဆန္ဒပြတောင်းဆိုမှုများကြောင့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံ မှုများပြုလုပ်ရန် စီစဉ်နေကြသည့် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အဟန့်အတားဖြစ်သွားစေသကဲ့သို့ နိုင်ငံတော်၏ပုံရိပ်ကိုထိခိုက်ကျဆင်းစေနိုင်သည့်အပြင် လုပ်ငန်းတိုးချဲ့ဆောင်ရွက်လိုသော ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းများအတွက်လည်း များစွာအဟန့်အတားဖြစ်စေနိုင်သဖြင့် ယင်းကဲ့သို့ဖြစ်ပေါ်လာပါက မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများတိုးမလာဘဲ လက်ရှိအခြေအနေထက်ပင် လျော့ကျသွားနိုင်မှုကြောင့် မြန်မာနိုင်ငံ ၏ လုပ်သားဈေးကွက်ကို များစွာထိခိုက်စေမည်ဖြစ်ပါသည်။

၇။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ လုပ်သားဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စတင်ကြိုးပမ်းဆောင်ရွက် နေဆဲဖြစ်သဖြင့် မြန်မာအလုပ်သမားများရရှိနေသည့် လုပ်ခလစာမှာ လုပ်သားဈေးကွက် ဖွံ့ဖြိုးပြီးဖြစ်သည့် အခြားအာဆီယံနိုင်ငံများနှင့် တန်းတူမရရှိနိုင်သေးသော်လည်း မြန်မာအလုပ်သမားများ ကျွမ်းကျင်မှုတိုးတက် လာပြီး လုပ်သားဈေးကွက်ခိုင်မာလာသည်နှင့်အမျှ မြန်မာအလုပ်သမားများအတွက် လုပ်ခလစာများ တိုးတက် ရရှိလာမည်ဖြစ်သည့်အပြင် မိမိတို့အတွက် ရွေးချယ်အလုပ်လုပ်နိုင်သည့်အခွင့်အလမ်းများလည်း ပိုမိုရရှိလာ နိုင်မည်ဖြစ်ပါသည်။

၈။ မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့် အလမ်းများတိုးတက်ရရှိစေရန်အတွက် နိုင်ငံတော်အစိုးရက ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်၍ လုပ်ငန်းများ ဆောင်ရွက်စေလျက်ရှိရာ ဥပဒေမဲ့ဆူပူအကြမ်းဖက်တောင်းဆိုမှုများကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများရပ်ဆိုင်းပြီး စက်ရုံများပိတ်သိမ်းသွားပါက အလုပ်လက်မဲ့ဖြစ်မှုကြောင့် ဦးစွာဒုက္ခရောက်မည့်သူများမှာ အလုပ်သမားများ သာဖြစ်သည့်အပြင် နိုင်ငံတော်အစိုးရအပေါ် ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်အားထားမှုများလည်း လျော့ ကျသွားနိုင်သည့်အတွက် မလိုလားအပ်သည့်ဥပဒေမဲ့ဖြစ်စဉ်များ နောက်ထပ်မဖြစ်ပေါ်စေရေးအတွက် အထူး ဂရုပြုဆောင်ရွက်သွားရန် လိုအပ်ပါသည်။

၉။ သို့ပါ၍ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုများကို တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်ညှိနှိုင်းဖြေရှင်းပေးသွားမည်ဖြစ်ပြီး ဥပဒေနှင့်မညီ သော အကြမ်းဖက်တောင်းဆိုမှုများ၊ ပိတ်ဆို့ဆန္ဒပြမှုများအပါအဝင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြားစေမည့် လုပ်ရပ်များနှင့် ပါဝင်ပတ်သက်သူများ၊ သွေးထိုးလှုံ့ဆော်အားပေး အားမြှောက်ပြုလုပ်သူများအား တည်ဆဲဥပဒေများနှင့်အညီ ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန

No comments:

Post a Comment