Sunday, February 1, 2015

မြန်မာနိုင်ငံ၏ ပထမဆုံးရေနံတင်ဆိပ်ကမ်း

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

 ကမ္ဘာ့နိုင်ငံများအနေဖြင့် စက်မှုနိုင်ငံအဖြစ်တက်လှမ်းကြရာတွင် အခြေခံလိုအပ်ချက်ဖြစ်သည့် ရုပ်ကြွင်းလောင်စာစွမ်းအင်များ ဈေးနှုန်းသက်သာစွာရရှိရေး အပြိုင်ကြိုးပမ်းလေ့ရှိပါသည်။ စွမ်းအင်လောင်စာဆီများ ဈေးနှုန်းသက်သာစွာရရှိရေး ကမ္ဘာအနှံ့ မြေပေါ်ရေအောက် ရေနံနှင့်သဘာဝဓာတ်ငွေ့များ အပြိုင်ရှာဖွေ ကြိုးပမ်းနေချိန် ရေနံနှင့်သဘာဝဓာတ်ငွေ့များ အလွယ်တကူ သယ်ယူပို့ဆောင်ပေးနိုင်မည့် ရေနံတင်ဆိပ်ကမ်းနှင့်ရေနံပိုက်လိုင်း များသည်လည်း စီးပွားရေးအရ အရေးကြီးသည့်လုပ်ငန်းတစ်ရပ် ဖြစ်လာပါသည်။

ဤသို့ ရေနံတင်ဆိပ်ကမ်းများသည် စီးပွားရေးအရ အရေးကြီးနေချိန် မြန်မာနိုင်ငံ၌ ပထမဆုံးသော ရေနံတင်ဆိပ်ကမ်းကြီးတစ်ခုကို ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ် မဒဲကျွန်း၌ အောင် မြင်စွာတည်ဆောက်ဖွင့်လှစ်လိုက်ပြီဖြစ်ပါသည်။ ဤရေနံတင် ဆိပ်ကမ်းကြီးကို နိုင်ငံတော်အစိုးရနှင့် အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်း (South East Asia Pipeline)တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ၂ဝ၁၁ ခုနှစ်က လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကာ ၂ဝ၁၅ ခုနှစ်တွင် အဓိကလုပ်ငန်းများဆောင်ရွက်ပြီးစီးခဲ့ပါသည်။ ယခုအခါ အကြိုဖွင့်ပွဲနှင့်ရေနံပိုက်လိုင်းလုပ်ငန်းများ ကနဦးစတင်ဆောင်ရွက်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၈ ရက်က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ ကျင်းပနိုင်ခဲ့ပြီဖြစ်ပါသည်။

အဆိုပါအခမ်းအနား၌ ဒုတိယသမ္မတဦးဉာဏ်ထွန်းက ယခု စီမံကိန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရေနံစိမ်းများပို့လွှတ် ပေးနိုင်ရန်သာမက ပြည်တွင်းသုံးစွဲမှုအတွက်ပါ ခွဲဝေပို့လွှတ် သွားမည်ဖြစ်သည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုပေးနိုင်မည့်အပြင် စီမံကိန်းဆောင်ရွက်သည့် ဒေသရှိ ပြည်သူ များကိုလည်း အကျိုးဖြစ်ထွန်းတိုးတက်စေမည်ဖြစ်၍ နိုင်ငံတော်နှင့် ဒေသခံပြည်သူများအတွက် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့ပါသည်။

မဒဲကျွန်းရေနံတင်ဆိပ်ကမ်းကို အရှေ့တောင်အာရှရေနံ စိမ်းပိုက်လိုင်းနှင့်ပူးပေါင်း၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုငွေပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၅၃၂ ဘီလီယံရင်းနှီးမတည် တည်ဆောက်ခဲ့ပြီး နိုင်ငံတော်မှအစုရှယ်ယာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ဝ၄ ဘီလီယံပါဝင်ထား၍ အကျိုးအမြတ်များ နိုင်ငံတော်မှ ခွဲဝေခံစားရရှိနိုင်မည်ဖြစ်ပါသည်။ ဤစီမံကိန်းနှင့်အတူ အချင်း ၃၂ လက်မ၊ အရှည် ၇၇ ကီလိုမီတာခန့်ရှိ ရေနံစိမ်းပိုက် လိုင်းစီမံကိန်းကို တည်ဆောက်ခဲ့ပြီး ရခိုင်ပြည်နယ် မဒဲကျွန်းမှ စတင်ကာ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့ပါဝင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုကို ဖြတ်သန်းကာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့အထိ ဆက်သွယ်ဖောက်လုပ်ထားသည်။

ဤရေနံတင်ဆိပ်ကမ်းမှတစ်ဆင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ ရောက်ရှိလာသော ရေနံတင်သင်္ဘောများသည် ရေနံများသယ်ချ သိုလှောင်ကာ ပိုက်လိုင်းအသုံးပြု၍ စီမံကိန်းကာလမှာနှစ် ၃ဝ အတွင်းနှစ်စဉ် ရေနံစိမ်းတန်ချိန် ၂၂ သန်းခန့်ကို တရုတ်နိုင်ငံသို့ ပို့လွှတ်ပေးနိုင်မည့်အပြင် ပြည်တွင်းသို့လည်း ခွဲဝေပို့လွှတ်ပေးသွား မည်ဖြစ်ကြောင်းသိရပါသည်။ ယခုကဲ့သို့ မြန်မာနိုင်ငံ၌ ရေနံတင်ဆိပ်ကမ်းကို အောင်မြင်စွာဖွင့်လှစ်ပေးနိုင်ခြင်းဖြင့် မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိလာမည်ဖြစ်သည့်အပြင် ရေနံတင်ချလုပ်ငန်းများနှင့် ပိုက်လိုင်းစောင့်ရှောက်မှုလုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ကာရေနံပိုက်လိုင်းဖြတ်သန်းရာ မြို့ရွာများတွင်လည်း ပိုမိုစည်ပင်ဖွံ့ဖြိုးအောင် ဖြည့်ဆည်းပေးနိုင်တော့မည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment