Monday, February 2, 2015

တစ်လတွင် တစ်ကြိမ်သာဖွင့်လှစ်ရောင်းချသည့်မြစ်ငယ်မြို့က လခချဈေးကြီး

Photo: တစ်လတွင် တစ်ကြိမ်သာဖွင့်လှစ်ရောင်းချသည့်မြစ်ငယ်မြို့က လခချဈေးကြီး

မြစ်ငယ် ဖေဖော်ဝါရီ ၁

မန္တလေးတိုင်းဒေသကြီး မြစ်ငယ်မြို့ အောင်ချမ်းသာရပ်ကွက်ရှိ တစ်လတွင် တစ်ကြိမ်လစာထုတ်ပေးသည့် နေ့ရက်တွင် ဖွင့်လှစ်ရောင်းချသည့် လခချဈေးကြီးတွင် ရောင်းသူ/ဝယ် သူများဖြင့်  အထူးစည်ကားလျက်ရှိကြောင်း သိရသည်။ 

ထိုဈေးကြီးတွင် မြစ်ငယ်မြို့ လူစီးတွဲနှင့်  ကုန်တွဲစက်ရုံရှိ  မီးရထားဝန်ထမ်းများ လစာထုတ်ပေးသည့်ရက်တွင် ဝန်ထမ်းမိသားစုများ လိုအပ်သည့်အသုံးအဆောင်နှင့် စားသောက် ကုန်များဝယ်ယူနိုင်ရန် အဓိကအားထားပြီး လာရောက်ရောင်းချပေးခြင်း ဖြစ်ကြောင်းနှင့် ယင်းဈေးနေ့သို့ လာရောက်ရောင်းချပေးသည့် ဈေးသည်တိုင်း အရောင်းအဝယ်ကောင်းသည့်အတွက် လူသိများလာကာ အနယ်နယ်အရပ်ရပ်မှ ဈေးသည်နှင့် ဒေသခံများ လာရောက်ဝယ်ယူရောင်းချမှုများကြောင့် ဈေးတန်းကြီးမှာ တစ်နှစ်ထက်တစ်နှစ်   ပိုမိုစည်ကားလာခဲ့ကြောင်း ယင်းဈေးသို့ မန္တလေးမြို့မှ လာရောက်ရောင်းချသူ  ကိုလှမျိုးအောင်က ပြောသည်။ 

''ကျွန်တော်က  မန္တလေးကနေ အဝတ်အထည်တွေလာရောင်းတာပါ။ ဈေးနှုန်းကတော့ ပုံမှန်ပါပဲ။ တစ်လတစ်ကြိမ်သာဖွင့်လို့ ရောင်းကောင်းတဲ့အတွက် လာရောင်းတာပါ။ မန္တလေးမှာ ရောင်းရတဲ့ တစ်ရက်နှုန်းချင်း နှိုင်းယှဉ်ရင် ဒီမှာကပိုရောင်းရပြီး တစ်ရက်ကို နှစ်သိန်းကျော်ဖိုးလောက် ရောင်းရပါတယ်။ကျွန်တော်တို့လိုပဲကလော၊ အောင်ပန်း၊ တောင်ကြီးမြို့တွေကနေ လက်ဖက်ခြောက်လာရောင်းတဲ့သူတွေ၊ အနီးအနားမြို့တွေဖြစ်တဲ့ မတ္တရာ၊ စစ်ကိုင်း၊ မုံရွာမြို့တွေက ဒေသထွက်ကုန်တွေ အသီးသီးလာရောင်းကြပါ တယ်''ဟု ၎င်းက ပြောသည်။

''ဒီဈေးဖြစ်ပေါ်လာတာ ရာစုနှစ် တစ်ဝက်ကျော်ပါပြီ။  ဒါပေမယ့်တဖြည်းဖြည်းလူသိပြီး အနီးအနားရွာ တွေကပါ လာရောင်းကြဝယ်ကြတော့ တစ်လထက်တစ်လ ပိုပြီးစည်ကားလာ တဲ့အပြင် ပစ္စည်းအမျိုးအစားကလည်း ပိုပြီးစုံသွားတယ်။ ဒါကြောင့် ပိုက်ဆံ ရွှင်နေတဲ့ လခထုတ်ရက်မှာ လိုချင်တာကို အဆင်သင့်တွေ့ရတဲ့အတွက် ဝယ်ရတာအဆင်ပြေပါတယ်။ ဈေးတန်းကြီးဘယ်လောက်ရှည်လဲဆိုရင် စက်ရုံဝင်ပေါက်ကနေ စစ်ကိုင်း၊ မြစ်ငယ်လမ်းအထိရှိပါတယ်။ မန္တလေးအခေါ် လေးပြလောက်အကွာအဝေးရှိပါတယ်။ တောင်ပြုန်းပွဲတော်နီးပါး လောက်စည်ကားပါတယ်''ဟု ဒေသခံ ကိုမောင်မောင်စိုး(မြစ်ငယ်)က ပြောသည်။ 

အဆိုပါဈေးတွင် ဝယ်ယူနေသူ တစ်ဦးကလည်း ''ကျွန်မအမျိုးသားက မီးရထားစက်ရုံဝန်ထမ်းပါ။ လကုန်ရက်ဆို သူ့လစာကိုလာစောင့်ယူပြီး ကလေးတွေနဲ့အတူ  ဒီဈေးကြီးမှာ လိုအပ်တဲ့  အဝတ်အထည်တွေနဲ့ အသုံးအဆောင်တွေကို အမြဲလာဝယ် ဖြစ်တယ်။ လိုချင်တာအကုန်ရှိနေတဲ့ အတွက် အဆင်ပြေပါတယ်။ ထမင်း၊ ဟင်းကအစ ရတဲ့အတွက် ဒီနေ့လို မျိုးဆို ဈေးကပဲဝယ်ပြီး မိသားစုတွေ စားလိုက်တယ်''ဟု ဆိုသည်။ 

လခချဈေးဟူသောဝေါဟာရမှာ အင်္ဂလိပ်လက်ထက်က လစာထုတ်ပေးသည့်ရုံးကြီးမှာ နှစ်ထပ်အဆောက် အအုံဖြစ်သဖြင့် အပေါ်ထပ်မှအောက် ထပ်ရှိဝန်ထမ်းများအား တစ်ဦးချင်း လစာချပေးသည့် စနစ်ကြောင့် ထိုနေ့တွင် ဖွင့်လှစ်သည့် ဈေးကြီးကိုလည်း လခချဈေးဟုခေါ်ဆိုခြင်းဖြစ်ကြောင်းနှင့် လက်ရှိမြစ်ငယ်မီးရထား လူစီးတွဲနှင့် ကုန်တွဲစက်ရုံတွင်  ဝန်ထမ်း ၁၄ဝဝ လုပ်ကိုင်လျက်ရှိပြီး ဝန်ထမ်း မြို့တော်ဖြစ်ကြောင်း သိရသည်။ 

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment