Tuesday, February 24, 2015

အလုပ်ရှင်၊ အလုပ်သမားမခွဲခြားဘဲ တည်ဆဲဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်သွားမည်



ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
သတင်းထုတ်ပြန်ချက်(၂/၂ဝ၁၅)
၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့
၁၃၇၆ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်

၁။ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာစက်မှုဇုန်နှင့် လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံအချို့ တို့မှ အလုပ်သမားအချို့တို့သည် လုပ်အားခတိုးရလိုမှုနှင့်စပ်လျဉ်း၍ ဆန္ဒပြတောင်းဆိုမှုများအပေါ် ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမားရေးရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့သည် သက်ဆိုင်ရာ စက်ရုံအသီးသီးမှအလုပ်ရှင်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဥပဒေနှင့်မညီညွတ်သော ကိစ္စရပ်များကို ဦးတည်ဆောင်ရွက်သူများကို အလုပ်ရှင်၊ အလုပ်သမားမခွဲခြားဘဲ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ချက် (၁/ ၂ဝ၁၅) ဖြင့် (၁၇-၂-၂ဝ၁၅) ရက်နေ့က ထုတ်ပြန်၍ သတိပေးခဲ့ပါသည်။

၂။ (၂ဝ-၂-၂ဝ၁၅) ရက်နေ့က ရွှေပြည်သာမြို့နယ်ရှိ စက်ရုံ(၃)ရုံရှေ့တွင် ယာယီတဲများထိုး၍ ညအိပ်ခြေပြု ကာ ပိတ်ဆို့ဆန္ဒပြနေသောအစုအဖွဲ့များကိုလည်း မြို့မိမြို့ဖများနှင့်ဥပဒေစိုးမိုးရေးအဖွဲ့များက ညှိနှိုင်းဖျန်ဖြေ ခဲ့ပါသည်။ ထိုသို့ဆွေးနွေးညှိနှိုင်းဆွေးနွေးမှုများကြောင့် စက်ရုံ(၂)ခုရှေ့မှ ယာယီတဲများနှင့် အစုအဖွဲ့များကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့သော်လည်း ကျန်စက်ရုံ(၁)ရှေ့ရှိ အစုအဖွဲ့များမှာမူ ပြင်ပမှ ဆူပူလိုသူများနှင့်ပေါင်းမိပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ဦးတည်ဆောင်ရွက်လာပါသည်။ ထို့ကြောင့် တာဝန်ရှိများက တည်ဆဲဥပဒေနှင့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ တားဆီးဆောင်ရွက်ခဲ့ရာ မလိုလားအပ်သော ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

၃။ ယနေ့အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့၏ ကြိုးပမ်း စွမ်းဆောင်မှုနှင့် တာဝန်ရှိအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ(၁)ရုံမှအပ ကျန်ဆန္ဒပြစက်ရုံအားလုံး အလုပ်ရှင်၊ အလုပ်သမားများ၏ ညှိနှိုင်းပြေလည်မှု များရရှိကာ အလုပ်သမားများအနေဖြင့် လုပ်ခလစာတိုးမြှင့်ရရှိပြီး အလုပ်ရှင်များအနေဖြင့်လည်း စက်ရုံများ ဆက်လက်လည်ပတ်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါသည်။

၎။ သို့ဖြစ်ပါ၍ တာဝန်ရှိသူများအနေဖြင့် ညှိနှိုင်းဆောင်ရွက်သင့်သည်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဥပဒေနှင့်မညီညွတ်သော အကြမ်းဖက်တောင်းဆိုဆန္ဒပြမှုများ၊ အဖျက်အမှောင့်ပြုလုပ်ပိတ် ဆို့မှုများအပါအဝင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ဦးတည်ဆောင် ရွက်သူများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံသတိပေးလိုက် ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

No comments:

Post a Comment